( ၁ )
ဒီနေ့ ဘာဖြစ်မှန်းမသိ ၊ မနက်ကတည်းက ကားက မွှေနေသည်။ ပျက်သမျှ ကို ပြင်နေပေမယ့် ကားက ကောင်းမလာ ။ နာရီကြည့်တော့ နေ့တစ်ဝက်ကျိုး နေကာ မနက်စာ စားချိန်ကို ရောက်လုနေခဲ့ပြီ ။ အိတ်ထဲက ငွေကို စစ်ကြည့်တော့ ကားပြင်လက်ခ ၊ ပစ္စည်းဖိုးတွေ သုံးလိုက် လို့ တစ်ပြားမှ မကျန်တော့ ပေ ။ ဗိုက်ထဲကလည်း ဆာလာသလိုလို ရှိလာလေပြီ။ ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ အိမ်ရောက် တော့ ညီမ ဖြစ်သူက ခရီးဦးကြိုကာ ...
" ကိုကြီး ထမင်းစားတော့မလား။ "
" အင်း .. စားမယ်။ ငါ ရေ အရင်ချိုး လိုက်ဦးမယ်။
ကား နှိုက်ထားတာ ညစ်ပတ်နေပြီ။ "
ကျွန်တော် ညီမလေးကို စကားဖြတ်ပြီး ရေချိုး ရန် ပြင်ဆင်လိုက်ပြီး ရေချိုး ခန်းထဲသို့ ၀င်လိုက်သည်။ ရေကို ခေါင်းပေါ်မှ လောင်းကာ ၀၀ လင်လင် ချိုး နေပစ်လိုက်သည်။ ထိုစဉ် ကျွန်တော့် လက်ကိုင်ဖုန်းမှ ဖုန်းမြည်သံကို ကြားရသည်။ ရေချိုး နေသည်မို့ ဖုန်း ကိုင်ရန် မဖြစ်နိုင်သေး။ ရှိစေတော့။ ပြီးမှ ပြန်တော့မည်။
ရေကို ၀၀လင်လင် ချိုးပြီးသည်မို့ တာဝါကို ပခုံးပေါ်မှ ခြုံကာ ရေသုတ်လျက် အိမ်ရှေ့ခန်းရှိ ဖုန်း ထားရာနေရာသို့ လျှောက်လာလိုက်သည်။ ထို့နောက် ဖုန်းကို ဖွင့်ကြည့်တော့ မသိတဲ့ နံပါတ်စိမ်းတစ်ခုမှ ခေါ်ထားခြင်း ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် ပြန်ခေါ်ကြည့်မည်ဟု ဆုံးဖြတ်ကာ ဖုန်းပြန်ခေါ် လိုက် လေသည်။
" တူ .... တူ ..... တူ .... "
" ဟယ်လို .... "
တစ်ဖက်မှ မိန်းခလေးတစ်ဦး ဖုန်းကိုင်သံ ကို ကြားလိုက်ရလေသည်။
" ဟုတ်ကဲ့ ဘယ်သူလဲမသိဘူးဗျ ၊
ကျွန်တော် ဖုန်းကို ခေါ်ထားလို့ ပြန်ခေါ်တာပါ။ "
" ခုပြောနေတာ သက်နိုင်လား "
" ဟုတ်ပါတယ်။ ဘယ်သူပါလဲ ဗျာ။ "
" ဟဲ့ ... ငါ ချောချော ပါ။ "
" အော် ...အေး .... ပြော သူငယ်ချင်း
ဖုန်းမှာ နာမည် မပေါ်လို့ ဟ ။ ဘယ်သူမှန်းမသိဖြစ်နေတာ။ "
" အော် နင်က ငါ့ ဖုန်းတောင် မမှတ်ထားတော့ဘူးလား "
" ဘယ်ကလာ ၊ ဖုန်း ကွန်းတန့် တွေ ပျက်ကုန်လို့ ပါ ဟ
ပြောလေ။ နင် ဘာပြောမလို့ လဲ "
" အင်း ... နင့် သူငယ်ချင်း နေဟိဏ်း ဆုံးသွားပြီ ။ "
ချောချော ရဲ့ ငိုသံနှောနေတဲ့ ပြောသံ ကြားတာနဲ့ ကျွန်တော် မင်သက်ကာ ကြက်သေ သေသွားသည်။ နောက်မှ အသိပြန်ဝင်ကာ ...
" ဟာ ... ဘယ်လိုဖြစ်တုန်းဟာ
ဘယ်တုန်းက ဆုံးတာလဲ "
ကျွန်တော် မေးခွန်းတွေ ဆင့်ပြီး မေးချမိလိုက်သည်။
" ဒီမနက် ရှစ်ခွဲ က ဆုံးသွားတာ။
သူဖြစ်နေတဲ့ အသည်းရောဂါ နဲ့ပဲ ဟာ "
" ဟူး ........... "
ကျွန်တော် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ ပြီးမှ ....
" အေးပါ။ ငါလာခဲ့ပါ့မယ်။
ဘယ်တော့ အသုဘ ချမလဲ "
" ကြာသပတေးနေ့ ညနေ လေးနာရီ
နောက်ဆုံး မီးပဲ ယူထားတယ်။
အိမ်ကနေ ကားတွေကတော့ နေ့လည်
နှစ်နာရီ ခွဲ လောက် ထွက်မယ်။ "
" အေး .. အေး .. ငါ လာခဲ့ပါ့မယ်။ "
ကျွန်တော် ဆို့နစ်မှုနဲ့အတူ စကားကို ထိုမျှ လောက်သာ ပြန်ပြောနိုင်ခဲ့သည်။ ထို့နောက် ချောချော ကျွန်တော့်ကို နှုတ်ဆက်ကာ ဖုန်း ချ သွား လေသည်။
ကျွန်တော် ကိုယ်ပေါ်မှ တာဝါ ဖြင့် ရေစတို့ကို သုတ်သင်ကာ အ၀တ်လဲပြီး ချိန်တွင်တော့ ....
" ကိုကြီး ... ထမင်းပြင်ပြီးပြီ စားလိုက်တော့ ။ "
" အေး ... အေး .... "
ကျွန်တော် ညီမလေးကို ထိုမျှသာ ပြန်ပြောလိုက်သည်။ ညီမလေးက ကျွန်တော့် မျက်နှာကို သေချာ ကြည့်ကာ
" ကိုကြီး .. ဘယ်က ဖုန်းလဲ ။
မျက်နှာလည်း မကောင်းဘူး။
ဘာဖြစ်တာလဲ ။ "
" အစောက ချောချော ဖုန်းဆက်တာ
နေဟိဏ်း ဆုံးသွားပြီတဲ့ ။ "
" နေဟိဏ်း ဆိုတာ ဘယ်သူလဲ "
" အရင် ငါတို့ ငယ်ငယ်တုန်းက
အိမ်ကို ဆိုင်ကယ်နဲ့ လာလာနေတဲ့
ငါ့ သူငယ်ချင်းလေ။ မှတ်မိလား ။ "
" အင်း ... မှတ်မိပြီ။ ဘယ်လို ဖြစ်တာလဲ "
" အသည်းနဲ့ ။ မနက်က ဆုံးတာ တဲ့ ။
ဒီကောင် အသည်း ဖြစ်နေတာ ကြာနေပြီ။
အရက် တအားသောက်တယ်လေ။
ဆိုင်ဖွင့်ထားတယ်ဆိုတော့ လွယ်လွယ်ရနေတော့
နေ့တိုင်းကို သောက်နေတာ။ "
ညီမလေးလည်း ဘာမှ ဆက်မပြောတော့ပဲ ကျွန်တော့်ကို ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပေးပြီး ထမင်းစားပွဲနားမှ အိမ်ရှေ့ ခန်းသို့ ထွက်သွားလေသည်။ ဗိုက်ထဲမှာ ဆာလောင်မှု မီးတောက်တွေက ပြင်းထန်နေပေမယ့် စားနေတဲ့ ကျွန်တော့်ရဲ့ မနက်စာ ထမင်းကတော့ အရသာ ကင်းမဲ့လို့ နေ့ခဲ့လေသည်။
( ၂ )
မနေ့က ညဉ့်နက်သည်အထိ ကားမောင်းထားသည်မို့ ပင်ပန်းမှု ဒဏ်ကို ဖြေဖျောက်နိုင်ရန် အိပ်ရေး ၀ အောင် အိပ်စက်ပစ်လိုက်သည်။ အိပ် ရာမှ နိုးတော့ နာရီက မနက်ဆယ်နာရီ ကျော်လို့နေသည်။ ထုံးစံအတိုင်း သွားတိုက် ၊ မျက်နှာသစ် ၊ ရေချိုး ကာ မနက်ခင်းစာ စားသောက်ပြီး ကားထွက်ရန် ပြင် ဆင်လိုက်တော့သည်။ မနေ့က ကားက ပျက်ထားသည်မို့ ဒီကနေ့ အလုပ်ဖိလုပ်ရန် ဆုံးဖြတ်ပြီး အားမာန် အပြည့်ဖြင့် ကားကို စက်နှိုးကာ အိမ်မှ မောင်းထွက် လာခဲ့လိုက်သည်။
လမ်းရောက်တော့ ရန်ကုန် မြို့ထဲဘက်ကို အော်ဒါရကာ ဈေးဦး စပေါက်လေသည်။ ထိုမှတဆင့် တာမွေ မေတ္တာညွန့် ဘက်သို့ နောက် ထပ် အော်ဒါ တစ်ခု ထပ်ရပြန်သည်။ တာမွေ ဘက်ကို အော်ဒါ သွားပို့နေတုန်း ကောင်းကင်ပြင်၌ မိုးသားတွေက မှောင်မဲ တတ်လာလေသည်။ မိုးတော့ မရွာ သေးပေ။ တာမွေ ဘက်ရောက်ပြီး ခရီးသည် ဆင်းသွားတော့ ကားဒိုင်ခွက်မှ နာရီကို လှမ်းကြည့်လိုက်တော့ မွန်းတည့်ချိန်သို့ ရောက်နေပေသည်။ ထို့ကြောင့် မေတ္တာညွန့် ရပ်ကွက်ထဲရှိ လက်ဖက်ရည်ဆိုင် ကြီးကြီး တစ်ဆိုင်ရှေ့မှာ ကားကိုရပ်လိုက်ပြီး မနက်စာ စားရန် ဆိုင်အတွင်းသို့ ၀င်လိုက်လေသည်။ မှာစရာရှိတာတွေကို မှာပြီး မနက်စာ စားနေစဉ် အစောက မှောင်မဲနေသော မိုးသားတွေက ၀ုန်းဒိုင်းကျဲ ကာ မိုးအဖြစ် သည်းသည်းမည်းမည်း ရွာသွန်း လေ တော့သည်။
မနက်စာ စားပြီးတော့ ဆိုင်ထဲမှ ပြန်ထွက်ချင်ပေမယ့် အပြင်မှာ မိုးက သည်းလို့ ကောင်းနေတုန်းပင်။ ကျွန်တော် ဆိုင်ထဲမှ စားပွဲလေးကို လှမ်းခေါ်ကာ ကျသင့်ငွေကို တွက်ခိုင်းကာ ပိုက်ဆံ ထုတ်ပေးလိုက်သည်။ ထို့နောက် ဆိုင်ရှင် ဖြစ်သူဟု ထင်ရသော လူကြီးက ကျွန်တော့်ထံ ပြန်အမ်းငွေကို လာပေးရင်း .....
" ခဏ ထိုင်လိုက်ပါဦးကွာ။
မိုးက သည်းနေတုန်း "
ကျွန်တော် ထိုလူကြီးကို ပြုံးကာ ခေါင်းငြိမ့် ပြလိုက်ပြီး သူ ပြောသလို ခဏဆက်ထိုင်နေလိုက်သည်။ တစ်ခဏ ကြာတော့ သည်းနေတဲ့ မိုးက နည်းနည်းစဲ သွားလေသည်။ လုံးဝတော့ မတိတ်သေးပေ။ သို့ပေမယ့် ကျွန်တော် ဆိုင်ထဲမှ ထွက်လာကာ ကားကို စက်နှိုးပြီး မောင်းထွက်လာခဲ့ လိုက်လေသည်။
သိပ်မကြာခင်အချိန် မေတ္တာညွန့် ရပ်ကွက်ထိပ်ရှိ တာမွေ တရားရုံးနားသို့ အရောက် တရားရုံး အ၀ မှ နေရ်ျ ရှေ့နေဖြစ်ဟန်တူသော လူကြီး တစ်ဦးက ကားတားလေသည်။ သူ့ကို ကျွန်တော် ဘယ်သွားမလဲ မေးပြီး ဈေးပြောကာ ကားပေါ်တင်လိုက်သည်။ ထိုလူကြီးက သင်္ဃန်းကျွန်း မြို့နယ် တရားရုံး သို့ ကားငှားခဲ့ခြင်း ဖြစ်လေသည်။
ကျွန်တော် ထို ခရီးသည်ကို လိုက်ပို့ပေးပြီးနောက် ချောချော နဲ့ နေဟိဏ်း ရဲ့ အိမ်ဘက်သို့ အသုဘ သတင်းမေးသွားရန် ဆုံးဖြတ်လိုက် သည်။ အကွာဝေးအားဖြင့်လည်း တစ်မှတ်တိုင် ကျော်ကျော် ခရီးသာ ရှိလေသည်။ သိပ်မကြာမီ အချိန်တွင် မင်္ဂလာဆောင်ပြီး ကတည်းက ဖွင့်ထားသော သူတို့ ရဲ့ စားသောက်ဆိုင်ရှေ့ သို့ ရောက်ရှိခဲ့လေသည်။ ဆိုင်ကို အပြင်ကနေ လှမ်းကြည့်တော့ ဆိုင်ရှေ့မှာ နေဟိဏ်း ကွယ်လွန်ကြောင်း ကြေငြာဆိုင်းဘုတ်က ဆီးကြိုလို့နေသည်။ ဆိုင်ထဲတွင်တော့ နေဟိဏ်း ရဲ့ အမေဖြစ်သူက သတင်းမေး လာသူတို့ကို ဧည့်ဝတ်ပြုနေတာကို တွေ့မြင်ရသည်။
ကျွန်တော် ဆိုင်ထဲဝင်လာတာကို နေဟိဏ်း အမေမြင်တော့ ကျွန်တော့်ကို တစ်ချက် ပြုံး ပြကာ ......
" လာ ... သား လာ ....
မင်း ဘယ်လို သိတုန်း "
" မနေ့က ချောချော ဖုန်းဆက်တာ။
ဘယ်လို ဖြစ်သွားတာလဲ အန်တီ ။ "
" အသည်းနဲ့ပါပဲကွယ်။ သားလေးက ခံစားနေရတာ ကြာနေပါပြီ။
မနေ့က မနက်က ဆေးရုံပေါ်မှာပဲ ဆုံးသွားတာ "
နေဟိဏ်း အမေက ၀မ်းနည်းသံဖြင့် ကျွန်တော် မေးသမျှ ပြန်ပြောနေပြီး မျက်ဝန်းမှာလည်း မျက်ရည် စ တွေ တွဲလွဲ ခိုလျက် ရှိနေပြန်သည်။ ထို့နောက် ကျွန်တော့်ကို ရက်လည်ဆွမ်းသွတ် ဖိတ်စာတစ်စောင် ထုတ်ပေးလေသည်။
" သား အခု ဘာလုပ်နေလဲ "
" သား တက္ကစီ မောင်းနေတာပါ။ "
" အော် .. အေး ...အေး ....
ကောင်းပါတယ်ကွယ်။ ကိုယ်ပိုင်အလုပ်ဆိုတော့
လွတ်လွတ်လပ်လပ် ရှိတာပေါ့ "
" မင်း သူငယ်ချင်းကတော့
မင်းတို့ကို ထားသွားခဲ့ပြီ ။ "
" ကျွန်တော်လည်း စိတ်မကောင်းပါဘူး အန်တီ
သူ သွားတာ အရမ်း စောလွန်း ပါတယ်။
သား သူ့ကို မျက်နှာတော့ မြင်ချင်သေးတယ်။
နောက်ဆုံး အနေနဲ့ ပေါ့ ။ "
" အိမ်မှာတော့ မဟုတ်ဘူး သားရယ်
ဆေးရုံကနေ ရေခဲတိုက်ကို ပို့ထားလိုက်ပြီ။
မနက်ဖြန် ဒီကနေ နှစ်နာရီခွဲလောက် ကားတွေ ထွက်မယ်။
သဂြိုလ် မှာကတော့ လေးနာရီ လောက်မှ ။ "
" ဟုတ်ကဲ့ အန်တီ ...
သား ဘာကူညီ ပေးရဦးမလဲ "
" ရပါတယ်ကွယ် ။ နေပါစေ။
မင်း အလုပ်ပျက်ပါတယ်။ "
" မျက်နှာမြင်ချင်ရင်တော့ မနက်ဖြန်ကျ လာလိုက်လေ။
ကားဆွဲရင်း ဟိုဘက်ကို နီးနေရင်လည်း ဟို ကိုပဲ လာလိုက်လေ။ "
" ဟုတ်ကဲ့ ပါ အန်တီ။ ဒါဆို သားကို ခွင့်ပြုပါဦး ။
သား အလုပ်တစ်ဖက် နဲ့ မို့ပါ။ "
" အေး .. အေး ... သားသွား ... သွား ... "
ကျွန်တော် နေဟိဏ်း အမေကို နှုတ်ဆက်ကာ သတင်းမေးရာမှ ပြန်လည် ထွက်ခွာ ခဲ့လေသည်။ ထိုနေ့က ချောချော နဲ့ တော့ မဆုံဖြစ်ခဲ့ လိုက်ချေ ။
( ၃ )
ကောင်းကင် တစ်ခုလုံးသည် မိုးသားတိမ်တိုက်တွေ ပြည့်နေသည်မို့ ကြယ်ရောင်ပျောက်ည တစ် ည ဖြစ်နေသည်။ ထို တိမ်တိုက်တွေကို လမင်းရဲ့ အလင်းရောင်သည်လည်း မထိုးဖောက်နိုင်ခဲ့ချေ။ လူခြေတိတ်ချိန်မို့ တစ်လောကလုံး တိတ်ဆိတ်စွာ ငြိမ်သက်နေသည်။ အိပ်စက် အနားယူသူတို့ အဖို့ နှစ်ခြိုက်စွာ အိပ်မောကျစေသော အချိန်လည်း ဖြစ်နေသည်။ ဒီလို အချိန်မျိုးမှာ မအိပ်စက်နိုင်သေးသူ တစ်ယောက်ရှိလေသည်။ ထို သူကား တခြားမဟုတ် ကျွန်တော် ကိုယ်တိုင်ပင် ဖြစ်လေသည်။ ကျွန်တော့်ရဲ့ ဦးနှောက်အာရုံထဲတွင်တော့ အတွေးပေါင်းစုံတို့ ပြေးလွှားဆော့ကစားကာ အချိန် နာရီတို့ ကို မေ့လျော့ နေခဲ့လေသည်။ ထိုသို့ ရှိနေစဉ် ကျွန်တော့်ရဲ့ အတွေးစ တစ်ချို့ သည် ငယ်စဉ်အတိတ်ကာလဧ။် မှတ်တိုင်တစ်ခု အရောက် ခေတ္တစီးမျော သွားလေသည်။
ကာလအားဖြင့် အထက်တန်းကျောင်းသားဘ၀ ဖြစ်လေသည်။ ထိုအချိန်က ကျွန်တော့်ရဲ့ မိသားစုဘ၀သည် အကြပ်တည်းများနှင့် ရုန်းကန် နေရသော ကာလ လည်း ဖြစ်သည်။ ငယ်စဉ်ကတည်းက ဖခင်ဆုံးပါးသွားသဖြင့် အမေ့ရဲ့ ရုန်းကန်လှုပ်ရှားမှု အောက်တွင်သာ ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ပညာသင်ကြားနေရ ချိန်လည်း ဖြစ်လေသည်။ ထိုစဉ်က ကျွန်တော့်တွင် ကျောင်းပြင်ပ သူငယ်ချင်း ဟူရ်ျ နေဟိဏ်း နှင့် မျိုးမင်းလတ်သာ ရှိခဲ့လေသည်။ မျိုးမင်းလတ် သည်လည်း ကျွန်တော်နဲ့ ဘ၀တူ ဖြစ်ကာ မိခင် ကျောင်းဆရာမ ဧ။် ခွန်အားနှင့်သာ ပညာရေးကို ခရီးဆက်နေ ရသည်။ နေဟိဏ်းကတော့ ကျွန်တော် တို့နှင့် ပုံစံ ကွဲသည်။ မိခင် ဖခင် စုံညီတဲ့အပြင် ဓန အင်အားလည်း ကျွန်တော်တို့ထက် များစွာ သာလွန်ခဲ့သည်။
ကျွန်တော်တို့ သုံးယောက်သည် ကျောင်းချိန် ပြင်ပတွင် အလွန်အတွဲ များခဲ့ကြသည်။ အထူးသဖြင့် ကျူ ရှင် သွားချိန်များတွင် သုံးယောက်ဆုံ ဖြစ်သည်က များခဲ့ပြီး ကျောင်းသားဘ၀ ပျော်စရာ နာရီများကို အတူတူ ဖြတ်သန်းခဲ့ကြသည်။ ထို့အပြင် နေဟိဏ်း နှင့် ကျွန်တော်က အိမ်ချင်းလည်း သိပ်မဝေး သဖြင့် ကျန်အချိန်များတွင်ပါ ပိုပြီး တွဲဖြစ်ခဲ့ကြသည်။ ထိုသို့ ကျောင်းသားဘ၀ နာရီ များထဲကမှ ထင်ရှားတဲ့ အမှတ်တရ တွေကတော့ လက်ဖက်ရည်ဆိုင် ထိုင်ချိန် များပင် ဖြစ်ခဲ့သည်။
လက်ဖက်ရည်ဆိုင်ထိုင်လျှင် နေဟိဏ်းက အမြဲလိုလို လက်ဖက်ရည် ဖိုး ရှင်း ရသည်။ နေဟိဏ်း က ကျွန်တော်တို့ သုံးယောက်ထဲတွင် မုန့်ဖိုး အများဆုံး ရရ်ျ လည်း ဖြစ်သည်။ ဆိုင်ထိုင်ချိန်တွေမှာ နေဟိဏ်း ကျွန်တော့်ကို ဂျီ ကျတတ်တဲ့ အကြောင်းတစ်ခုလည်း ရှိနေတတ်သေးသည်။ ထိုအကြောင်းက ကျွန်တော့်ကို ကဗျာ ရေးခိုင်းခြင်း ဖြစ်လေသည်။ ကျွန်တော်ရေးပေးတဲ့ ကဗျာတွေကို နေဟိဏ်းက မိန်းခလေးတွေကို ပြန်ပေးလေ့လည်း ရှိသည်။ နောက် တစ်ခုက သီချင်း ဖြစ်သည်။ နေဟိဏ်း ကော ကျွန်တော်ပါ သီချင်းကို ၀ါသနာပါကြသည်။ အကြိုက်ခြင်းလည်း တူသည်။ ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည် ဆိုင်က ကျွန်တော်တို့ အုပ်စု ရောက်လာလျှင် မျိုးကြီး သီချင်းခွေကို ဖွင့်ပေးရသည်။ မဖွင့်ပေးမချင်း ကျွန်တော်တို့ အုပ်စု သောင်းကျန်း နေတတ် သည်။
ကျွန်တော်တို့ သုံးယောက် ရှစ်တန်း ၊ ကိုးတန်း ၊ တက္ကသိုလ် ၀င်တန်း သုံးနှစ်လုံးလုံး သွားအတူ စားအတူ စာကျက် အတူ သောင်းကျန်း အတူ ဖြင့် အလွန်အတွဲ များခဲ့ကြသည်။ တက္ကသိုလ် ၀င်တန်း အောင်စာရင်း ထွက်လာတော့ ကျွန်တော် တစ်ယောက်တည်းသာ စာမေးပွဲ အောင်ခဲ့သည်။ မျိုးမင်းလတ် က မိသားစု စီးပွားရေး အခြေနေကြောင့် တစ်ကြောင်း ၊ မိခင်ရဲ့ ကျန်းမာရေး အခြေနေကြောင့် တစ်ကြောင်း စားမေးပွဲ ပြန်မဖြေ တော့ပဲ စီးပွားရေးဘက် ဦးလှည့် သွားသည်။ နေဟိဏ်း ရဲ့ မိဘတွေက ငွေကြေး တတ်နိုင်သူတွေမို့ နေဟိဏ်းကို ဘော်ဒါ ဆောင်ပို့ကာ ပညာရေးကို ခရီး ဆက်စေခဲ့ ကြသည်။ စာမေးပွဲ အောင်တဲ့ ကျွန်တော်ကလည်း တက္ကသိုလ် ဆက်တက် နိုင်ရန် ရရာအလုပ်ကို ၀င်ရောက်လုပ်ကိုင်ကာ ငွေ စ စုခဲ့ရလေသည်။ ထိုသို့ ဖြင့် ကျွန်တော့်တို့ သုံးယောက်သည် တာဝန်ကိုယ်စီဖြင့် သိပ်မဆုံနိုင်ကြတော့ပေ။
နောက်တစ်နှစ် အောင်စာရင်းထွက်ချိန်တွင်တော့ နေဟိဏ်း စာမေးပွဲ အောင်ခဲ့လေသည်။ ဂုဏ်ထူး တစ်ဘာသာပင် ပါ ခဲ့သေးသည်။ ထိုနှစ်က ပြုလုပ်တဲ့ နေဟိဏ်းရဲ့ မွေးနေ့ အလှူ သည် အမှတ်တရများစွာထဲမှ တစ်ခု ဖြစ်ခဲ့လေသည်။ ထို အလှူ က အထက်တန်းကျောင်းသားဘ၀ နောက်ပိုင်း ကျွန်တော်တို့ သုံးယောက် ပထမဆုံး အကြိမ် ပြန်ဆုံဖြစ်ကြခြင်းလည်း ဖြစ်သည်။ တစ်ညလုံးမအိပ်ကြပဲ မနက်အာရုဏ်ဆွမ်းအတွက် ၀ိုင်းဝန်းလုပ်ကိုင်ကြတာ အလွန်မှ ပျော်စရာ ကောင်းခဲ့ကြသည်။ ထို့နောက်တွင်တော့ ကိုယ်စီကိုယ်စီ မိမိတို့ရဲ့ ဘ၀သမိုင်းစာမျက်နှာတွေကို ရေးသားကြကာ ဆုံတွေ့ချိန်များ နည်းပါး ခဲ့ကြပြန်သည်။
ကျွန်တော် တက္ကသိုလ် ကျောင်း ပြီးခါနီးမှာ နေဟိဏ်း နှင့် ချောချောတို့ အိမ်ထောင်ကျသည်။ အိမ်ထောင်ကျပြီးနောက်ပိုင်း လက်ရှိလည် ပတ် နေသော စားသောက်ဆိုင်ကို နေဟိဏ်းက ဦးစီးလုပ်ကိုင်သည်ကို တွေ့ရသည်။ ထို ဆိုင်ကို နေဟိဏ်း ဦးစီးသည့်နောက်ပိုင်း ကျွန်တော်တို့ သုံးယောက် တစ်ကြိမ် ပြန်လည် ဆုံဖြစ်ခဲ့ကြသည်။ ထို အကြိမ်သည် သုံးယောက်သားဆုံတွေ့မှု ဧ။် နောက်ဆုံးအကြိမ်လည်း ဖြစ်ခဲ့သည်။ အကြောင်းမှာ မျိုးမင်းလတ်တို့ မိသားစု အိမ်ပြောင်းသွားခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် မျိုးမင်းလတ်ကို ယနေ့အထိ ကျွန်တော် ပြန်မဆုံဖြစ်တော့ချေ။ ထို့ နောက်ပိုင်းနှစ်တွေ မှာတော့ ကျွန်တော်လည်း တက္ကသိုလ်မှ ဘွဲ့ရကာ လောကပင်လယ်ထဲ ရွက်လွှင့်ခဲ့သည်မို့ နေဟိဏ်းဆီ အချိန်တတော်ကြာမှသာ ရောက်ရှိနိုင်တော့သည်။
နေဟိဏ်း နှင့် ချောချော တို့ သားဦးလေး မွေးပြီးချိန်တွင်တော့ ကျွန်တော် သူ့ဆီ တစ်ခေါက် ရောက်ဖြစ်ခဲ့သည်။ အဲ့ဒီအချိန်က နေဟိဏ်း တစ်ယောက် အတော်လေး ရင့်ကျက် လေဟန် ရှိနေခဲ့သည်။ မိသားစု ဘ၀ကို တည်ငြိမ်အောင် ထိန်းထားနိုင်ပြီး စီးပွားရေးကိုလည်း အရင်ကထက် ပိုကောင်း အောင် လုပ်ကိုင်နိုင်လေပြီ။ သို့ပေမယ့် အရက်သောက်ခြင်း ယဉ်ကျေးမှုကတော့ သူ့ထံတွင် ကပ်ညှိ နေခဲ့လေသည်။ ထို အချိန်က ထို ယဉ်ကျေးမှု သည် နေဟိဏ်းအား လောကကြီးထဲကနေ ခေါ်ဆောင်သွားမည်ကို မည်သူကမျှ သတိမမူ မိခဲ့ကြချေ။
ထိုသို့ဖြင့် အချိန်ကာလသည် တရွေ့ရွေ့ စီးမျော နေလေရာ နေဟိဏ်းတို့ မိသားစု ဒုတိယ သားသမီးရတနာ ထွန်းကားချိန်တွင်မှ ကျွန်တော် သူ့ထံ ထပ်ရောက်ဖြစ်ခဲ့သည်။ မဆုံဖြစ်တာ ကြာနေပေမယ့် နေဟိဏ်း နဲ့ ကျွန်တော့် ကြားတွေ ငယ်ပေါင်းတွေ ပီပီ စိမ်းမသွားပဲ အခင်မင် မပျက်ခဲ့ကြပေ။ ထို တစ်ကြိမ် ရောက်ရှိခဲ့ချိန်တွင်တော့ နေဟိဏ်း မွေးမြူ ထားသော ယဉ်ကျေးမှု ကြီးက ရောဂါဆိုးတစ်ခုကို နေဟိဏ်းကို ချီးမြှင့် ထားပြီး အရက်ဧ။် ကျေးကျွန် အဖြစ်သို့ ရောက်မှန်း မသိ ရောက်လို့ နေပေသည်။ စီးပွားရေး လုပ်ငန်းတွေလည်း ကျဆင်းနေပြီး ဇနီးဖြစ်သူ ချောချော ရဲ့ ပြောဆိုဆုံးမပေးရန် တိုင်တန်းမှု ကိုပါ ကြားလာခဲ့ရလေသည်။ ထို အချိန်က နေဟိဏ်းကို သတိပေးစကားတော့ ကျွန်တော် ပြောဖြစ်ခဲ့သေးသည်။
နောက်ပိုင်းတွင် နောက်ထပ် အချိန် တတော်ကြာအောင်အထိ ကျွန်တော် နေဟိဏ်းဆီကို မရောက်ဖြစ်တော့ချေ ။ ကျွန်တော်တို့ မိသားစု အိမ်ပြောင်းရွေ့ ခဲ့ကြခြင်းလည်း ဖြစ်သည်။ စီးပွားရေးထဲ နစ်မြော နေခဲ့ရ်ျ လည်း ဖြစ်သည်။ လွန်ခဲ့သော တစ်လ ခန့်လောက်ကမှ ချောချော နှင့် လမ်းမှာ ဆုံ ဖြစ်ပြီး နေဟိဏ်း ရဲ့ ကျန်းမာရေး ချူ ခြာ မှု များကို ကြားသိခဲ့ရလေသည်။ နေဟိဏ်းဆီ ကျွန်တော် သွားခဲ့ချင်ပေမယ့် ဘ၀ရည်မှန်းချက်တွေအတွက် လုံပမ်း နေရသည်မို့ မရောက်ဖြစ်နိုင်ခဲ့ချေ။ နောက်ဆုံးတွင်တော့ ကျွန်တော့်ကို နှုတ်မဆက်ပဲ လောကကြီးထဲက ထွက်ခွာသွားတဲ့ နေဟိဏ်း ရဲ့ နာရေး သတင်း ကိုသာ ကြားသိခဲ့ရလေသည်။
ကျွန်တော် အတွေးတွေ နယ်လွန်နေတာ မည်မျှ ကြာသွားသည်မသိ ။ ရက်ရက်စက်စက် ခြိမ်းပစ်လိုက်တဲ့ မိုးခြိမ်းသံကြားမှ အသိပြန်ဝင် လာခဲ့သည်။ နံရံမှ နာရီကို လှမ်းကြည့်လိုက်တော့ မနက် ငါး နာရီ ကျော်လို့ နေပေသည်။ အိမ်အပြင်မှာတော့ မိုးတွေ သည်းသည်းမည်းမည်း ရွာလို့ ကောင်းနေ ပေသည်။ ကျွန်တော် အခန်းမှာ ချိတ်ဆွဲထားတဲ့ ပြက္ခဒိန် ကို လှမ်းကြည့်လိုက်တော့ နေ့စွဲက နေဟိဏ်းဧ။် နောက်ဆုံးခရီးစဉ်ကို ပို့ဆောင်ရမည့် နေ့ရက်ကို ဖော်ပြပေးနေသည်။ ကျွန်တော် စိတ်ထဲမှ တိုးတိုးလေး ရေရွတ် လိုက်မိသည် ။ အိမ်အပြင်မှာ ရွာနေတဲ့ မိုးရေတွေနဲ့ အတူ နေဟိဏ်း တစ်ယောက် ထာဝရ ငြိမ်းချမ်း နိုင်ပါစေလို့ .........
ရော့ခ်ကာ ( လင်းရောင်ခြည် )
15. 5 . 2014
5း23 AM
( 13. 5. 2014 ရက်နေ့တွင် ကွယ်လွန်သွားသော သူငယ်ချင်း နေဟိဏ်း အတွက် နောက်ဆုံး အမှတ်တရ )
မှတ်ချက် ။ ။ ဇာတ်ကောင် အမည်များကို မူရင်းအတိုင်း ဖော်ပြထားပါသည်။
No comments:
Post a Comment