Friday, March 14, 2014

........ခေါင်းစဉ်မဲ့ .........



လေထက်ပေါ့တဲ့ မီးခိုးတွေထဲ
စိတ်အစဉ်တို့ စီးဝင်နေတယ်
ယစ်မူးစေတဲ့ အရာတွေက
မျဉ်းပြိုင်အဖြစ်နဲ့ ရပ်တည်ပေမယ့်
ရည်ရွယ်ချက် ခပ်ဝါးဝါးကို
အိပ်မက်အဖြစ် စားသုံးနေဆဲ ။




လက်ထဲမှာ ခံစားမှုတွေ အန်ကျတဲ့အခါ
နေ့ နဲ့ ည ဆိုတာ တစ်ခုတည်းပါ
ရိုးသားမှုကို ကူညီခဲ့ပေမယ့်
အရေပြားပေါ်က ချွေးတွေက ညှီစို့စို့ဆိုတော့
ကျိန်စာသင့် နွေ ရဲ့ လမ်းမ တွေမှာ 
ကြားရတဲ့ တေးသံ က ခြောက်သွေ့နေဆဲ ။


အရောင်စုံတဲ့ ပန်းချီကားတွေ ကြည့်ပြန်တော့
အခန်းငယ်ထဲ ကျိတ်မှိတ်ပြီးတောင် နေခွင့်မရှိတဲ့သူ
စိတ်အမော ကို ပြေပါစေလို့ ဆုတောင်းမိလည်း
မောဟ မုန်တိုင်းထဲ ၀ဲလှည့်လို့ မဆုံးနိုင်သေးလေတော့
သောက်နေမိတဲ့ ကော်ဖီ ခါးခါးတွေက
ကိုယ့် မျက်နှာကို ကိုယ်တိုင်ပြန်မြင်စေတယ် ။


ဘ၀ကို ရှင်သန်ထမြောက်ခြင်းတွေ နဲ့
ပန်းပွင့်လေးတွေ ရဲ့ ရနံ့ကို ရှုရှိုက်ခွင့် ရချင်တယ်
ငါရဲ့ အနမ်း ပွင့်တွေဟာ လူသားဆန်စွာ နဲ့
ကောင်းကင်က ကြယ်တွေကို ရေတွက်ခွင့် ရမယ်ဆိုရင်
စိတ္တဇ ဖြစ်မှုတွေ ကင်းတဲ့ ခေါင်းစဉ်မဲ့နေ့ရက်တွေကို
တစ်ခါတလေမှာ ခေါင်းစဉ် တပ်ကြည့်ချင်တယ် ။          ။


ရော့ခ်ကာ ( လင်းရောင်ခြည် )
24.2.2014
4:03 PM


1 comment: