အခန်း ( 12 )
ကောင်းကင်ယံ ၌ တိမ်များကင်စင်လျက် နေမင်းကြီးရဲ့ ပြင်းရှရှ အပူရှိန်အောက်တွင် ဖုန် တထောင်းထောင်း ထနေသော လွင်တီးခေါင်ငယ် တစ်ခု၌ ကုန်တင်မြင်းလှည်း တစ်စင်း တရွေ့ ရွေ့ နှင့် ခရီး ဆက်လျှက် ရှိနေပေသည်။ အရှေ့ ဘက်မှာ နေရ်ျ ကုန်အပြည့်တင်ထားသော လှည်းကို ဆွဲသွားနေသော မြင်းနှစ်ကောင်မှာလည်း နေမင်းရဲ့ အပူရှိန်ကြောင့် မော ပန်းနေသလို ရှိနေကြ သော်လည်း လှည်းမောင်းလာသူ အဘိုးအိုမှာ မည့်သည့် အကြောင်းရာကိုမှ ဂရုစိုက်ဟန်မရှိပဲ မိမိ လိုရာ ခရီးကိုသာ ရောက်ရှိရန် အာရုံ စိုက်ထားပုံ ရလေသည်။
ထို ကုန်တင် မြင်းလှည်းသည် ဖုန်ထူသော လွင်ပြင်ငယ်ကို ကျော်ဖြတ်ပြီးနောက် အနည်း ငယ်စိမ်းစိုသော စားကျက်မြေများကို ဖြတ်သန်းကာ နောက်ဆုံးတွင် ချောင်းငယ်လေး တစ်ခု အနီး သို့ ရောက်ရှိ သွားလေသည်။ ထို ချောင်းငယ် လေး၏ ရေမှာ ကြည်လင်အေးမြ လျက် ရှိနေပြီး ချောင်း ၏ အနက်မှာလည်း ဒူးကျော်ရုံ သာရှိသဖြင့် ချောင်းဖြတ် တံတားထိုးထားခြင်းမျိုးလည်း မရှိပေ။
လှည်းမောင်းလာသူ အဘိုးအိုမှာ သူ၏ လှည်းအား ချောင်းစပ်အရောက်တွင် ခေတ္တမျှ ရပ်လိုက်ပြီး လှည်း ပေါ်မှ ဆင်းကာ ချောင်းရေ ဖြင့် ပင်ပန်းမှုတို့ကို ပြေပျောက်စေရန် ကိုယ်လက် သန့်စင် လိုက်လေသည်။ ထို့နောက် သူ၏ မြင်း တို့ကိုလည်း ရေ ၀ အောင် တိုက်လိုက်လေသည်။ ထို့နောက်တဖန် လှည်းပေါ်သို့ တက်ကာ ချောင်းငယ်လေးအား ကန့်လန့် ဖြတ်လျှက် မြင်းလှည်း ကိုမောင်းကာ သူ၏ ခရီးစဉ်ကို ဆက်လက်ထွက်ခွာ လာခဲ့လေသည်။
ထို ကုန်တင်မြင်းလှည်းသည် ချောင်းငယ်ကို ဖြတ်ပြီး တစ်ဖက်ကမ်းရှိ လမ်းအတိုင်း ဆက်လက် မောင်း ထွက်လာခဲ့လေရာ နေ့ဝက်စာမျှ ခရီးနှင်လေပြီးလျှင် လှည်းလမ်းဆုံ တစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။ ထို လှည်းလမ်းဆုံ ၌ လမ်း အမှတ်သားပြ ကျောက်စာတစ်ခုကို စိုက်ထူ ထားလေရာ လှည်းမောင်းလာသူ အဘိုးအိုမှာ ထို ကျောက်စာချပ် ပေါ် ရှိ စာတို့ကို အသေချာ ဖတ် လိုက်ကာ လာဆုံသော လမ်းလေးထဲသို့ သူ၏ လှည်းကို မောင်းဝင် သွားလိုက်လေသည်။ ထိုသို့ မောင်း ၀င်လာခဲ့လေရာ များမကြာမီ အချိန်တစ်ခုတွင် စိုက်ခင်းစမ်းများ ပြည့်နှက်နေသော ရွာငယ် လေးတစ်ရွာသို့ ရောက် ရှိလာခဲ့လေသည်။
အဘိုးအိုမှာ ထို ရွာလေးတွင်းသို့ လှည်း ကို မောင်းဝင်လာခဲ့ပြီး နေထိုင်သူ ရွာသူရွာ သားများကို အကဲ ခတ်ကြည့်လေရာ အေးချမ်းတည်ငြိမ်မှု ရှိကြပုံကို တွေ့မြင်ရပြီး စိတ်တွင် ကြည်နူး မိလေသည်။ ထို ရွာငယ်လေးမှာ အနောက်ဘက်တွင် ကုန်းပြင်မြင့် တစ်ခုက ကာရံထားပြီး ကုန်းပြင် မြင့် ရဲ့ အဆုံး လွင်ပြင်ပေါ်၌ တည်ရှိနေသဖြင့် မြေသြဇာ ကောင်းမွန်ပုံကိုလည်း ထို ရွာ၌ စိုက်ပျိုး ထားသော စိုက်ခင်းများက သက်သေ ခံလျှက် ရှိကြလေသည်။ အဘိုးအို သည် လှည်းကို ရွာလမ်း အတိုင်း မောင်းဝင်လာခဲ့ပြီးနောက် ရွာ အလယ်ပိုင်း မကျတကျ နေရာရှိ သပ်ရပ်စွာ ၀င်းခြံခတ်ထား သော အိမ်တစ်လုံးရှေ့တွင် ရပ်လိုက်လေသည်။ ထို့နောက် လှည်းပေါ်မှ ဆင်းကာ အိမ်တွင်းရှိ အိမ်ရှင် တို့အား လှမ်းခေါ်လိုက် လေသည်။
ဗျိုးးးးးးးးးးးးးးးးး
အိမ်ရှင်တို့ ...... အိမ်ရှင်တို့ ။
အဘိုးအို၏ အော်ခေါ်သံကြောင့် အိမ်ထဲမှ အသက် ( 20 ) ၀န်းကျင်ရှိ လူရွယ်လေး တစ်ဦး ထွက်လာပြီး
ဦးလေးကြီး ........
ဘယ်သူနဲ့များ တွေ့ချင်လို့တုန်းဗျ
ငါ ဆာဂျန်းနဲ့ တွေ့ချင်လို့ကွာ။
ဒါ သူ့ အိမ် မဟုတ်လားကွ။
ဟုတ်ပါတယ်ဗျာ။
အဘ က ယာ ထဲကို သွားပါတယ်။
ကျုပ် သွားခေါ်ပေးပါ့မယ်။
အထဲမှာ လက်ဖက်ရည်း ကြမ်း
သောက်ရင်း စောင့်နေပေးပါဗျာ။
ပြောပြောဆိုဆိုပင် လူရွယ်သည် အဘိုးအိုအား ခြံ တွင်းသို့ ခေါ်လိုက်ပြီး အိမ်ရှေ့ မနီး မဝေးတွင်ရှိသော ကွပ်ပစ် တစ်ခုပေါ်တွင် နေရာပေးကာ လက်ဖက်ရည်ကြမ်း ကရားနှင့် ခွက် တို့ကို ချပေး လေသည်။ ထို့နောက် .......
ဦးလေး ..........
အမောဖြေပါအုံးဗျာ။
ကျုပ် အဘ ကို သွားခေါ်ချေအုံးမယ်ဗျာ။
ထို လူမှာ အသက် လေးဆယ်ကျော် ငါးဆယ်နီးပါးခန့် ရှိနေပြီး ကိုယ်၌ အင်္ကျီ ဗလာ ဖြစ်နေသဖြင့် သူ၏ သန်မာကျစ်လျစ်သော ကြွက်သားတည်ဆောက်ပုံတို့ကို အတိုင်းသား မြင်တွေ့ ရလေသည်။ ထို့အပြင် ရင်ဘတ်အောက်နားဆီ မှနေရ်ျ ၀မ်းဗိုက်နေရာအထိ ရှိနေသော ဓါး ဒဏ်ရာ ဟောင်း တစ်ခုကလည်း ထိုလူ၏ နောက်ကြောင်းရာဇ၀င်ကို သက်သေ ခံနေသလို ရှိနေလေသည်။
သူတို့နှစ်ယောက်သည် တဖြေးဖြေးနှင့် လျှောက်လှမ်းလာခဲ့လေရာ နောက်ဆုံးတွင် အဘိုးအို ထိုင်နေ သော ခြံဝင်းလေးထဲသို့ ၀င်လာခဲ့လေသည်။ ပေါက်ချွန်း ထမ်းလာသောလူသည် ခြံထဲသို့ ၀င်လာပြီးနောက် ကွပ်ပစ် ၌ ထိုင်နေသော အဘိုးအိုအားမြင်လျှင် အနည်းငယ် မျက်မှောင် တစ်ချက် ကြှုပ်လိုက်ပြီး .........
ဟာ ........အစ်ကိုကြီး
ဘယ်လိုရောက်လာတာတုန်းဗျ။
ကျုပ်တော့ ရွာမှာဆိုတော့
ဧည့်ဝတ်မကျေ ဖြစ်တော့မှာပဲ။
ကျုပ် ကျေးလက်အရသာကို
မခံစားရတာ ကြာလို့
လာလည်တာပါကွာ။
ဟိုရှေ့က ရပ်ထားတဲ့
လှည်းပေါ်မှာ မင်းအတွက်
လက်ဆောင်တွေ ယူလာတယ်။
သွားကြည့်ပါအုံး ဟ ။
အဘိုးအိုသည် ကွပ်ပစ်မှထကာ ဆာဂျန်းအား သူ၏ လှည်းဆီသို့ ခေါ်ဆောင် သွား လေ သည်။ ထို့နောက် လှည်းကို ကာထားသော အမိုးတို့ကို လှစ်ဟာ ပြလိုက်လေရာ လှည်းတွင်း၌ သပ်ရပ် စွာ စီရီထားသော မြေ အိုးများကို တွေ့ရ လေသည်။ ထို့နောက် လှည်းတွင်းမှ အိုးတစ်လုံးကို ထုတ်ယူ လိုက်ပြီး ဆာဂျန်းအား ပေးလိုက်လေသည်။ ဆာဂျန်းက လက် ထဲ သို့ ရောက်လာသော မြေ အိုး မှ ပိတ် စည်းထားသော သရေပြားကို ဖယ်လိုက်လေသည်။ ထို့နောက် မြေအိုးတွင်းရှိ အရာ အား အနံ့ တစ်ချက်မျှ ရှုရှိုက်လိုက်ပြီး ပါးစပ်၌တေ့ကာ တစ်ကျိုက် မော့ချလိုက်လေသည်။ ထို့နောက်........
ဟား............
နန်းတွင်း အရက် စစ်စစ်ပဲ
ဒီအရသာကို လျှာပေါ်မတင်ရတာ
အတော်ကြာနေပြီဗျာ။
ပြောပြောဆိုဆိုပင် ဆာဂျန်းသည် စကားအဆုံး၌ နောက်တစ်ကျိုက် ထပ်မော့ လိုက် လေ သည်။ ထို့နောက် ဘေး၌ရှိနေသော သားဖြစ်သူအား ...........
ကဲ .. လူလေး ............
ဒီ ဦးကြီးအတွက်
အခန်းပြင်ပေးပါအုံးကွ။
ပြီးရင် ညစာအတွက်ပါ
သေချာပြင်ဆင်ကွာ။
ဟုတ်ကဲ့ပါ အဘ။
လူရွယ်သည် ပြောဆိုကာ အိမ်ထဲသို့ လျှောက်ဝင်သွားလေသည်။ ထို့နောက် အဘိုးအို သည် သူ၏ မြင်း လှည်းအား ခြံထဲသို့ မောင်းဝင်လိုက်လေသည်။ လှည်းအား ခြံတွင်းသို့ သွင်းပြီး နောက် လှည်းမှ မြင်းတို့ကို ဖြုတ်ကာ အိမ် နောက်ဘက်ရှိ မြင်းဇောင်းဆီသို့ သွားထားလိုက်လေ သည်။ ထို့နောက်တွင်တော့ လှည်းတွင်းမှ နောက်ထပ် မြေအိုးတစ်လုံး ကို ထုတ်လိုက်ပြီး ကွပ်ပစ် ပေါ်၌ တင်ထားလိုက်လေသည်။
*******************************************
ကောင်းကင်ယံ ၌ ထွက်ပေါ်နေသော စက်ဝိုင်းခြမ်းပုံ လ ၏ နဘေး၌ အရွယ်စုံ ကြယ် လေးတို့ မြူးတူး ပျော်ပါးလျှက် ရှိကြသည်။ လူခြေတိတ်ချိန် တိတ်ဆိတ်ချိန် ဖြစ်သဖြင့် ရွာတစ်ရွာ လုံး ရှိ လူတို့သည်လည်း အိပ်စက် အနားယူ နေကြလေသည်။ သို့သော် ရွာအလယ်ပိုင်းရှိ အိမ်တစ် လုံး ၌မူ ဆီမီးခွက်၏ အလင်းရောင်သည် တောက်ပလျှက် ရှိနေပေ သည်။ အကြောင်းမှာမူ ဆာဂျန်း တို့ သား အဖ နှင့် ဧည့်သည် အဘိုးအိုတို့ တိုင်းရေးပြည်ရာများကို ပြောဆိုနေကြ ခြင်းပင် ဖြစ်လေ သည်။
အင်း ..................
အစ်ကိုကြီး ပြောပုံအတိုင်းဆိုရင်
ကျုပ် တို့ တိုင်းပြည်က
ရင်လေစရာ ကောင်းနေပြီ။
ဒါပေမယ့် ကျုပ်က အခုလို
အေးချမ်းတဲ့ ရွာ လေးမှာ
ပျော်နေတက်ပြီဗျ။
နောက်ထပ် ကျုပ် လက်တွေ
သွေးမပေချင်တော့ဘူးဗျာ။
ဆာဂျန်းသည် ရင်ထဲမှ လှိုက်သံပါပါဖြင့် ပြောဆိုလိုက်ခြင်းပင် ဖြစ်လေသည်။ ထိုအခါ အဘိုးအိုက ....
မင်းကို သေချာစဉ်းစားစေချင်တယ်။
အခု ကိစ္စက ငါတို့ တိုင်းပြည်နဲ့
ပြည်သူပြည်သားတွေ ရဲ့
အသက်အိုးအိမ်တွေနဲ့ သက်ဆိုင်တာ။
ခံတပ်ဖြူမှာ ငါတို့ဟာ ရန်သူတွေကို
မတားနိုင်ဘူးဆိုရင် ရန်သူ့တပ်တွေက
မြို့တော်အထိ ချီတက်တိုက်ခိုက် ဖို့
လွယ်ကူသွားလိမ့်မယ်။ ငါတို့လည်း
ရန်သူ့ သုံ့ပန်းတွေ ဖြစ်ကုန်လိမ့်မယ်။
အခုချိန်မှာ တိုင်းပြည်က မင်းလို
လူမျိုးကို တကယ့်ကို လိုအပ်နေတာပါ။
နောက်ပြီး လက်ရှိ ထီးနန်းရှင်ကလည်း
မင်းကို လိုလားနေတာပဲကွာ။
အဘိုးအို ရဲ့ စကားဆုံးတော့ ဆာဂျန်းသည် တစ်ချက်တွေဝေ သွားပြီး သားဖြစ်သူကို ကြည့်လိုက် လေသည်။ ထို့နောက် .........
ကျုပ်က အသက်လေးလည်း ရနေပါပြီ။
ကျုပ် စစ်တိုက်ထွက်မယ်ဆိုရင်
ကျုပ် သား တစ်ယောက်တည်း
ရွာမှာ ကျန်နေခဲ့မှာ။
ကျုပ် အခုနှစ်တွေမှာ
ဆုံးဖြတ်ချက် တစ်ခုလည်း ချထားသေးတယ်။
ကျုပ် ရှင်မ ခေါင်းချထားသွားတဲ့
ဟောဒီ ရွာ လေးမှာပဲ ရှင်မ နောက်ကိုလိုက်ဖို့
ဆုံးဖြတ်ထားမိတယ်။ ဒါပေမယ့် ခုတော့ ..........
အဘ .........
ဒါဆို သား လိုက်သွားပါရစေ။
ရုတ်တရက် ၀င်ပြောလိုက်သော သားဖြစ်သူရဲ့ စကားကြောင့် ဆာဂျန်းကော ၊ အဘိုးအိုပါ အံ့သြ သွားကြလေသည်။ ဆာဂျန်းက ............
လူလေး .............
မင်း ဘာပြောလိုက်တာတုန်း။
စစ် မြေပြင်ဆိုတာ မင်းထင်သလို မဟုတ်ဘူးကွ။
နောက်ပြီး မင်းက ငါ့ဆီက ပညာတွေ ရထားပေမယ့်
ဒါတွေ အားလုံးက လက်တွေ့ မဟုတ်သေးဘူးကွ။
စစ်မြေပြင် ဆိုတာ ရက်စက် ကြမ်းကြုတ် ခြင်းတွေပဲ ရှိတာ။
မင်းက ဘယ်လိုလုပ်ပြီး ဒီ တာဝန်ကြီးကို ထမ်းဆောင်နိုင်မှာတုန်းကွာ။
ဒီ တာဝန်က အကြီးကြီး ကွ။
တဖန် ဆာဂျန်းရဲ့ စကားဆုံးတော့ သားဖြစ်သူက ............
အဘ ကလဲဗျာ။
အဲ့လို လက်တွေ့အကြုံမရှိလို့ကို
ကျုပ် လိုက်သွားချင်တာပေါ့ဗျ။
ကျုပ် ဒီရွာမှာ နေခဲ့ရင်
လောက အကြောင်းကို ပြည့်ပြည့်စုံစုံ
သိနိုင်မှာ မဟုတ်တော့ဘူးလေ။
နောက်ပြီး ကျုပ်က အဘ သားပါဗျ။
ကျုပ် ကိုယ် ကျုပ် ယုံကြည်မှု ရှိပါတယ်။
ကျုပ် ဒီ အလုပ်ကို လုပ်နိုင်မှာပါဗျ။
ဆာဂျန်းရဲ့ သားဖြစ်သူက လွန်စွာမှ တက်ကြွနေပြီး နန်းတွင်းနှင့် စစ်မြေပြင်ကို လိုက်သွားရန်သာ တာစူ လျှက် ရှိနေပေသည်။ ဆာဂျန်းက လည်း အဖေ ဖြစ်သူ ပီပီ သားဖြစ်သူကို ဖြောင့်ဖျ မရကြောင်းကို နားလည် ထား လေရာ ...........
ကောင်းပြီကွာ။
မင်းက ဒီလောက်တောင်မှ
အားသန် နေမှတော့
မင်း သွား ရမယ်။
ဒါပေမယ့် တစ်ယောက်တည်းတော့
မသွားရဘူး။
ငါ ပါ လိုက်ခဲ့မယ်။
ကဲ ဒါဆို အချိန်မဆွဲနဲ့တော့
မနက်ဖြန်ကို ခရီး စ ထွက်စို့ကွာ။
( ဆက်လက်ဖော်ပြပါမည်။)
Rocker77
No comments:
Post a Comment