အခန်း ( 23 )
အချိန်အားဖြင့် သန်းခေါင်ယံ အချိန်ဖြစ်လေသည်။ ကောင်းကင်ယံ ၌ လင်းလက် နေသော ကြယ်လေး များနှင့်အတူ ထွက်ပေါ်နေသော လမင်းငယ်မှာ လက်သည်းခွံပမာ ပါးလွှာ လျက် ရှိ နေလေသည်။ စစ်မက်ဖြစ်ပွားနေချိန် ဖြစ် သဖြင့် ခံတပ်ဖြူ၏ ခံတပ်ရိုးပေါ်၌ အစောင့် စစ်သည် တိုးပွားကာ ချထားပြီး သတိမလစ်ဟင်းစေရန်လည်း စစ်ဦးစီးဆာဂျန်း ကိုယ်တိုင် ကြီး ကြပ်ဆောင်ရွက် ထားရှိလေသည်။ သို့သော် အချိန်က သန်းခေါင်ယံအချိန် ဖြစ်သဖြင့် ခံတပ်တွင်း၌ တာဝန် ကျ ရဲမက်များမှ အပ ကျန်သူများအားလုံးသည် အိပ်စက်အနားယူလျက် ရှိနေကြလေသည်။
ထိုအခိုက် အမှောင်ထုကို အကာကွယ်ယူလျက် ယုဒီပနိုင်ငံ၏ တပ်များသည် ခံတပ် ဖြူဘက်သို့ မီးတုတ် များကို ငြှိမ်းသတ်လျက် တရွေ့ရွေ့ဖြင့် အသံတိတ် ချဉ်းကပ်လာကြလေသည်။ ထိုသို့ အနှေးချီကာ အသံတိတ် တက်လာ သော ယုဒီပ တပ်များတွင် မြင်းတပ် ၊ လေးတပ် ၊ ခြေလျင် တပ်များ ၊ လှံရှည်ကိုင် တပ်များ နှင့် လောက်လွဲ ပစ်စင်ကြီး များလည်း ပါဝင် ကြလေသည်။ ထို တပ် များအားလုံးကို ယုဒီပ နိုင်ငံရဲ့ စစ်သေနာပတိ ၀က္ကနော်ကိုယ်တိုင် ဦးဆောင်ချီတက် လာခြင်း ဖြစ်ပြီး စစ်သူကြီး လော်ဒီယာလည်း ပါဝင်ခဲ့ကာ အလုံးအရင်းဖြင့် တက်လာကြခြင်း ဖြစ်လေသည်။
ထိုသို့ဖြင့် ချီတက်လာသော ယုဒီပတပ်များသည် ခံတပ်ဖြူကြီး၏ မြှားပစ်ကွင်းထဲသို့ မရောက်မှီ နေရာ တွင် ရပ်တန့်လိုက်ကြပြီး တပ်များအသီးသီးသည် ဗျူဟာကျကျ အသင့်နေရာ ယူ လိုက်ကြလေသည်။ ထိုအချိန်အထိ တဖက် ခံတပ်ဖြူအတွင်းရှိ ဟန်သော်ဝေ ရဲမက်များကတော့ မသိ ရှိကြသေးပဲ ပုံမှန်အတိုင်းသာ ရှိနေကြသေးလေသည်။ စစ်သူကြီး လော်ဒီယာသည် မိမိ တပ် များ ၏ နေရာယူမှုပြီးစီးသည့် အနေထား နှင့် တဖက်ရှိ ရန်သူ့တပ်များအခြေနေကို တစ်ချက် အကဲ ခတ် လိုက်ပြီး စိတ်ချရသော အနေထားရှိသဖြင့် အချက်ပြ အမိန့်ကို ပေးလိုက်လေတော့သည်။ စစ်သူကြီး လော်ဒီယာ၏ အမိန့်ကို ရရှိပြီးသည့်နောက် ယုဒီပ အဝေးပစ်စင် တပ်သားများသည် လောက်လွဲ လက်နက်ကြီးများပေါ်သို့ မြေဖြင့် ပြုလုပ် ထားသော ဆီအိုးကြီးများကို ပစ်လွှတ်ရန် တင် ဆောင် လိုက်ကြလေသည်။ ထို့နောက် ပစ်စင်များမှ မောင်းတံကြီးများကို ဖြုတ်ချလိုက်လေရာ ဆီ အိုး များ အားလုံးသည် လေထဲ၌ ၀ဲပျံကာ အရှိန်ဖြင့် ပြေးထွက်သွားပြီး ခံတပ်ဖြူကြီး၏ ကျောက် သား တံတိုင်း နံရံများကို ထိမှန်ကာ ဆီများ ပေးကျံ ကုန်ကြလေသည်။
ခလွမ်း ........ ခလွမ်း .......... ခလွမ်း .............
ရန်သူ့ဘက်က အဝေးပစ်စင်တွေနဲ့
ဆီအိုးတွေ ပစ်လွှတ်လိုက်ခြင်း ဖြစ်ပါတယ်။
ဆီအိုးတွေက နံရံကို ထိမှန်ပြီး တံတိုင်းပေါ်ကို
ကျရောက်ခြင်း မရှိသေးပါဘူး။
အထိခိုက်လည်း မရှိသေးပါဘူး ဦးစီး။
ဘာ ...............
ဆီအိုး နဲ့ ပစ်လာတာလား။
တံတိုင်းပေါ်ရှိ စစ်ဦးစီး ဆာဂျန်း၏ စကားမဆုံးသေးမီမှာတင် ခံတပ်အပြင်၌ ရောက် ရှိ တပ်စွဲနေသော ယုဒီပ တပ်များသည် မီးတုတ်များကို ထွန်းညှိ လိုက်ကြလေရာ များပြား လှသော ရန်သူ့တပ်များကို တံတိုင်းပေါ်မှ အထင်း သား မြင်တွေ့ကြရလေသည်။ ထို့နောက် ဆာဂျန်းက ..........
ရန်သူ့ဘက်က အင်အားမနည်းလှပါလား
ခွန်ဒီနောင် နဲ့ ခံတပ်မှူး........
တပ်တွေကို အသင့်ပြင်ပါ။
ခံတပ်အပြင်ကို ထွက်တိုက်ရလိမ့်မယ်။
တံတိုင်းပေါ်မှာ လေးသည်တော်တွေ
နေရာယူထားကြပါ။
ရန်သူ့ ဘက်က ဗျူဟာ ပြောင်းထားပုံရတယ်။
သတိ နဲ့ လှုပ်ရှားကြပါ။
အမိန့်အတိုင်းပါ ဦးစီး ။
ထိုသို့ ပြောဆိုကြပြီးနောက် တပ်မှူးငယ် ခွန်ဒီနောင် နှင့် ခံတပ်ဖြူ တပ်မှူးတို့သည် အသီးသီး ပြန် လည် ထွက်ခွာ သွားကြလေသည်။ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းမှာတော့ ခံတပ် တံတိုင်းပေါ်၌ ကျန်နေခဲ့ပြီး တိုက်ပွဲ ဖြစ်လာမည့် အခြေနေကို အကဲခတ်သုံးသပ်ကာ ရှိနေခဲ့ လေသည်။
ယုဒီပနိုင်ငံ၏ စစ်သေနာပတိ ၀က္ကနော်သည် မိမိရဲ့ လေးကိုယူကာ အနီးရှိ မီးတုတ်မှ မီးဖြင့် မြှားထိပ် မှ မီးစာကို မီးရှို့လျက် မြှားအား ဆီများစိုရွှဲနေသော ခံတပ်ဖြူကြီး၏ တံတိုင်းနံရံ ဆီသို့ ပစ်လွှတ်လိုက်လေသည်။ ထို မီးမြှား သည် လေကို ခွင်းလျက် ပစ်မှတ်ဆီသို့ တည့်တည့်ကျ ရောက်လာကာ ခံတပ်တံတိုင်းအား မီးစတင် စွဲလောင်တော့လေသည်။ စစ်သူကြီး လော်ဒီယာသည် ခံတပ် တံတိုင်း၌ မီးစတင်စွဲလောင်သည်ကို မြင်သည်နှင့် တပြိုင်နက် လောက်လွဲပစ်စင် ငါးခု မှ အစွန်းနှစ်ဘက်ရှိ ပစ်စင်နှစ်ခုအား ဆီအိုးများအစား ကျောက်တုံးများကို ထည့်စေကာ ခံတပ် တံ တိုင်းပေါ်သို့ အဆက်မပြတ် ပစ် လွှတ်စေလေသည်။ အကြောင်းမှာ ရန်သူ့တပ်သားများ လောင်စွဲ နေသော မီးများကို မငြှိမ်းသတ်နိုင်စေရန် စီစဉ်ဆောင်ရွက် ခြင်း ဖြစ်လေသည်။ ထို့နောက် ကျန် ရှိနေသည့် အလယ်မှ ပစ်စင် သုံးခု ကိုတော့ နဂိုအတိုင်း ဆီအိုးများကိုသာ အဆက်မ ပြတ် ပစ်လွှတ် စေလေသည်။ ထို့ကြောင့် ခံတပ်တံတိုင်းနံရံ၌ စွဲလောင်နေသော မီးသည် ပိုမို အရှိန်အဟုန် ကောင်း စွာ ဆက် လက်တောက်လောင်လာခဲ့လေသည်။
ခံတပ်တံတိုင်းပေါ်ရှိ ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ ရဲမက်များကို လောင်စွဲနေသော မီးများကို ငြှိမ်းသတ်ရန် အမိန့်ပေးလိုက်လေသည်။ ရဲမက်များ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေခိုက် .............
ဝုန်း ........ ၀ုန်း ............ ၀ုန်း ..........
တ၀ုန်းဝုန်း ဖြင့် ကျရောက်လာသော ကျောက်တုံးများကြောင့် တံတိုင်းပေါ်ရှိ နေရာယူထားကြ သော ရဲမက်များ နှင့် မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသော ရဲမက်များအားလုံးသည် သွေးသံရဲရဲဖြင့် ထိခိုက်ကြဆုံး ကုန် ကြလေသည်။ ထိုကြောင့် စစ်ဦးစီး ဆာဂျန်းသည် ရန်သူ့ ဘက်က ဗျူဟာကို မှန်းဆလာမိပြီး ........
အားလုံးနားထောင်ကြ
ရန်သူ့တပ်တွေက
အဝေးပစ်စင်တွေနဲ့
ပစ်ခတ်နေပြီး တံတိုင်းကို
ဖြိုချပစ်ဖို့ ကြိုးပမ်းနေတယ်။
ဒါကြောင့် ဒီ ခံတပ်တံတိုင်း
ပြိုမကျခင် ရန်သူ့တပ်တွေကို
ဖြိုဖျက်နိုင်ဖို့ လိုတယ်။
ပစ်စင်တွေကို အဓိက ထားပြီး
တိုက်ခိုက်ကြရမှာ ဖြစ်တယ်။
ခံတပ်ထဲကနေ မဖြစ်မနေ
ထွက်တိုက်ကြရမှာမို့
အထိခိုက် အကျဆုံး များပြားနိုင်တယ်။
ဒါကြောင့် ထိုးစစ်ကို မကျွံမိပါစေနဲ့။
ပစ်စင်တွေကို ဖြိုဖျက်ပြီးတာနဲ့
နောက်ကြောင်းပြန်လှည့် လာပါ။
ဒါမှ ငါတို့ ဒီ ခံတပ်ကို အပြည့်ဝ
ဆက်လက် ကာကွယ်နိုင်ကြလိမ့်မယ်။
ခွန်ဒီနောင် နဲ့ ခံတပ်မှူးတို့ နှစ်ယောက်
စစ်ကြောင်းနှစ်ဖက်ခွဲပြီး
ထိုးစစ်ကို စတင်ကြပါ။
အမိန့်အတိုင်းပါ ဦးစီး ။
ထို့နောက်တွင်တော့ ခံတပ်ဖြူကြီး၏ အရှေ့ဘက်မျက်နှာစာရှိ ဂိတ်တံခါးကြီး နှစ်ခု ပွင့်လာပြီး တပ်မှူး ငယ် ခွန်ဒီနောင် နှင့် ခံတပ်မှူးတို့ ခေါင်းဆောင်သော မြင်းတပ်မများသည် ဂိတ် ပေါက်တစ်ခု စီမှနေရ်ျ ထွက်လာကြလေ သည်။ ထို အခြေနေကို မြင်သော ယုဒီပ စစ်သူကြီး လော် ဒီယာ က တစ်ချက်ပြုံးလိုက်ပြီး မိမိရဲ့ လေးတပ် ၊ မြင်းတပ်များ ကို တပ်လှန့် ထားလိုက် လေ သည်။ ထို့နောက် ဆက်လက်ပြီး ရန်သူ့ဘက်မှ လှုပ်ရှားမှုကို အကဲခတ်လျက် စောင့်ကြည့်နေ လေ သည်။ ဂိတ်ပေါက်ဝ နှစ်ခုတွင် နေရာယူထားကြသော မြင်းတပ်မကြီး နှစ်ခုသည် ဦးဆောင်သူ ခေါင်း ဆောင်အသီးသီး ရဲ့ အမိန့်ကို ရရှိကြပြီးနောက် ရန်သူ့တပ်များဘက်ဆီသို့ ထိုးစစ်ကို စတင်ရန် အတွက် တရှိန်ထိုး ပြေးထွက်ကြလေသည်။ ထို မြင်းတပ်မကြီး နှစ်ခုရဲ့ အနောက်တွင်တော့ ကျန်ရှိ နေခဲ့သော ခံတပ်ဖြူကြီး၏ တံတိုင်းနံရံသည် မီး အပူရှိန် မြင့်မားလာမှု ကြောင့် ကျောက်တုံး တစ်တုံးနှင့်တစ်တုံး ချိတ်ဆက်ထားသော စဉ့်ချော်များသည် စတင်အရည်ပျော်လာလျက် ရှိနေလေ သည်။ ခံတပ် တံတိုင်း ပေါ်ရှိ တိုက်ပွဲအခြေနေကို ကြည့်နေသော စစ်ဦးစီး ဆာဂျန်း၏ ရင်တွင်း မှာလည်း မိမိရဲ့ သားဖြစ်သူ နှင့် ရဲမက်တပ်သားများအတွက် ပူလောင်လျက်ရှိနေပြီး တိုက်ပွဲကို စိုးရိမ်ကြီးစွာဖြင့် ကြည့်ရှု့နေကာ ကျန်ရစ်နေခဲ့ လေသည်။
တဟုန်ထိုး ပြေးထွက်လာနေသော ရန်သူ့ မြင်းတပ်ကြီးနှစ်ခုအား ယုဒီပ စစ်သေ နာပတိ ၀က္ကနော် နှင့် စစ်သူကြီး လော်ဒီယာတို့သည် မျက်တောင်မခတ်ပဲ မမှိတ်မသုန် ကြည့်ရှု့ နေကြလေသည်။ ရန်သူ့ မြင်းတပ်များသည် တဖြည်းဖြည်းနှင့် မိမိတို့ တပ်များဘက်ဆီသို့ နီးကပ် လာလေရာ သတ်မှတ်အကွာအဝေး တစ်ခုသို့ ရောက်ရှိလာလျှင် စစ် သေနာပတိ ၀က္ကနော်က အချက် ပြ အမိန့်တစ်ခုကို ပေးလိုက်လေရာ ယုဒီပ လေးသည်တော်တို့သည် မိမိတို့၏ လေးမြှားများ ကို ဆွဲတင်လျက် ရန်သူ့ မြင်းတပ်မကြီး များဆီသို့ ကိုယ်စီကိုယ်စီ ပစ်လွှတ် လိုက်ကြလေတော့သည်။
ဝှီး ........ ၀ှီး ........ ၀ှစ် .......... ၀ှစ် .............
မြှားတို့သည် ကောင်းကင်လေထုတွင်း၌ ငယ်သံပါအောင် အော်မြည်လာလျက် ဟန်သောဝေ မြင်းတပ် များပေါ်သို့ မိုးစက်မိုပေါက်များသဖွယ် တဟုန်ထိုး ထိုးဆင်းလာကြလေရာ ...........
အား ....... အီး ...... အင်း ...........
ဟီး ......... ဟီး ........
မြှားများ၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် အပြင်းချီလာသော မြင်းတပ်နှစ်ခုမှ မြင်းများ ၊ စစ် သည်ရဲမက် များသည် ထိခိုက်ဒဏ်ရာ ရရှိကြကုန်လေသည်။ သို့သော် ထိခိုက်မှု မရှိသော ကျန်မြင်းစီး ရဲမက်တို့သည် မိမိ တို့ရဲ့ ကိုယ်စီ လက်နက်များကို ကိုင်စွဲလျက် ရန်သူ့ တပ် များဘက်ဆီသို့ သွေးဆာနေသည့် သရဲသဘက်များသဖွယ် အတင်း ပြေးဝင် ထိုးဖောက် ကြလေ သည်။ ထို့ကြောင့် တိုက်ပွဲမြင်ကွင်းမှာ မြှားမိုးရွာလိုက် ချီတက်လိုက် ဖြစ်ရ်ျ နေလေတော့သည်။ သို့ဖြင့် တဖြည်းဖြည်း နီးကပ်လာသော မြင်းတပ်နှစ်တပ်အား ရင်ဆိုင်တုန့်ပြန် ချေမှုန်းရန်အတွက် စစ်သူကြီး လော်ဒီယာ နှင့် သေနာပတိ ၀က္ကနော်တို့သည် ကိုယ်စီ မြင်းတပ်များကို ဦးဆောင်ကာ ရန်သူ့တပ်များကဲ့သို့ပင် စစ်ကြောင်း နှစ်ကြောင်း ခွဲကာ တန်ပြန်တိုက်စစ်ကို စတင်လိုက်ကြ လေ သည်။ မိမိတို့ရဲ့ မြင်းတပ်များ တဟုန်ထိုး ထွက်ခွာသွားသည်နှင့် တပြိုင်နက် ယုဒီပ လေးတပ်မှ လေး သည်တော်တို့သည် ပစ်လွှတ်နေသော မြှားတို့ကို ရပ်တန့်လိုက်ကြလေသည်။
ထိုသို့ဖြင့် လွင်ပြင်ပေါ်၌ တရှိန်ထိုး တိုက်စစ်ဆင်လာကြသော နှစ်ဘက် မြင်းတပ် များသည် မျက်နှာချင်းဆိုင်မိချိန်တွင်တော့ ...............
ယား ........ ၀ှစ် ........ အား .........
ဒုတ် ......... အင့် ........ အူး ..........
အား ........... ရွှတ် ........ ထန် ..........
လွင်ပြင်တိုက်ပွဲ၌ ယုဒီပ စစ်သေနာပတိ၏ မြင်းတပ်များသည် ဟန်သော်ဝေ မြင်း တပ်များအား တဖြေးဖြေး ပိုမိုသုတ်သင်လာနိုင်လေရာ နောက်ဆုံးတွင် ဟန်သော်ဝေ မြင်းတပ်ကို ဦးဆောင်လာသော ခံတပ်ဖြူ တပ်မှူး နှင့် စစ်သေနာပတိ ၀က္ကနော်တို့ ထိပ်တိုက်ရင်ဆိုင် မိကြ လေသည်။ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မြင်သည် နှင့် တပြိုင်နက် ကိုယ်စီ မြင်းဇက် ကြိုးများကို မျက်နှာချင်းဆိုင် လှည့်လိုက်ကာ လက်မှ လက်နက်တို့ကို ကိုင်ဆောင်လျက် ထိပ်တိုက် ရင်ဆိုင်ကြလေရာ .............
ယား ...... ထန် .............
ခံတပ်မှူး ဦးဆောင်လာသော ဟန်သော်ဝေ မြင်းတပ်များသည် မိမိတို့ရဲ့ ခေါင်း ဆောင် ကျဆုံးသွား သည်ကို မြင်ကြလေသော် ခံတပ်မှူး၏ ရုပ်အလောင်းကို ၀ိုင်းဝန်းရယူရန် ကြိုး စားကြပြီး ရုပ်အလောင်းကို ရရှိကြလေသော် ထို မြင်းတပ်သည် တပ်ဗိုလ်တစ်ဦး၏ အမိန့်နှင့်အတူ ပြန်လည် ဆုတ်ခွာကြလေသည်။ ထိုသို့ ပြန်လည် ဆုတ်ခွာသော ဟန်သော်ဝေ မြင်းတပ်နောက်သို့ ယုဒီပ စစ်သေနာပတိရဲ့ တပ်များက ထပ်ကြပ်မကွာ လိုက်လံ ဖိတိုက်ကြလေသည်။ ထို့ကြောင့် အင် အားခြင်း မမျှတတော့ခြင်း ၊ ခေါင်းဆောင်ကောင်းမရှိတော့ခြင်းများကြောင့် ထို မြင်းတပ်မှာ တပ် ပြိုကွဲ ကာ တကွဲတပြားစီဖြစ်လျက် ဟန်သော်ဝေ ရဲမက်များသည် ခြေဦးတည့်ရာဆီသို့ အသက် လုကာ ကိုယ်လွတ်ရုန်း ထွက်ပြေး ကြရလေတော့သည်။
တခြားတဖက်ခြမ်းတွင်လည်း စစ်သူကြီး လော်ဒီယာ၏ ယုဒီပ စစ်သည်များက ဟန်သော်ဝေ ရဲမက် များကို အပြင်းအထန် အပြတ်အသတ် ချေမှုန်းလျက်ရှိနေရာ မြင်းတပ်ကို ဦးဆောင်လာသူ တပ်မှူးငယ် ခွန်ဒီနောင် သည် ရန်သူ့ တပ်ခေါင်းဆောင်ကို သုတ်သင်နိုင်ရန် အတွက် ရှာဖွေကြည့်လေရာ တိုက်ပွဲတစ်နေရာတွင် ယုဒီပ စစ်သူကြီး လော်ဒီယာ နှင့် မျက်နှာချင်း ဆိုင် ဆုံမိကြလေသည်။ ထိုသို့ ဆုံမိကြခိုက် ခွန်ဒီနောင်က စစ်သူကြီး လော်ဒီယာ ဆီသို့ မြင်းကို ဇက်ကြိုးဖွင့်ကာ ဓါးကို ကိုင်မြှောက်လျက် အပြင်းဝင်တိုက် လေသည်။ သို့သော် စစ်သူကြီး လော်ဒီယာ မှာ ခေသူမဟုတ် သဖြင့် တိုက်ကွက်များကို ရှောင်တိမ်းရင်း ပြန်လည် တိုက်ခိုက် လေသည်။
ယား ........ ထန် ......... ထန် .........
ဝှစ် ........ ၀ှစ် ........... ထန် ...........
မောင်ရင့် လက်ရည် မဆိုးပါဘူးပဲကွ။
ဆင်းလာခဲ့ မြင်းပေါ်ကနေ။
စမ်းကြည့်ရတာပေါ့။
ဆုတ် ......... ပြန်ဆုတ်ကြတော့ ...........
အမိန့်ပေးပြီးသည်နှင့် တပြိုင်နက် ခွန်ဒီနောင်သည် မြင်းကို ခံတပ်ဖြူဘက်ဆီသို့ ဦးတည်လိုက် လေသည်။ ထိုသို့ တပ်ပြန်ဆုတ်သော ဟန်သော်ဝေ ရဲမက်များကို ယုဒီပ စစ်သူကြီး လော်ဒီယာ သည် အလွတ်မပေးပဲ ...
လိုက် .....လိုက်တိုက်ကြ ........
တစ်ယောက်မှ မလွတ်စေနဲ့ ။
ခေါင်းဆောင်ကို အရှင်လိုချင်တယ်။
ဝုန်း.............၀ုန်း ..................
ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ မြင်းတပ်များ အကျဆုံးများပြီး ဆုတ်ခွာ လာရခြင်း ၊ ခံတပ် နံရံတံတိုင်း ပြိုကျကာ ၀င်ပေါက်သဖွယ် ဖြစ်သွားခြင်းများကြောင့် ခံတပ်တွင်းရှိ တပ်များအားလုံးကို စုစည်းကာ ခံတပ် အနောက်ပိုင်းသို့ ပြောင်းရွေ့ တပ်စွဲ စေလေသည်။ ထို့နောက် ခံတပ် အတွင်းပိုင်း၌ ကြိုတင်ပြုလုပ်ထားခဲ့သော စက် ၀ိုင်းပုံ မြောင်းထဲမှ ကောက်ရိုးများကို မီး စ တင် ရှို့လိုက်လေတော့သည်။ ထိုသို့ မီး ရှို့ပြီး သိပ်မကြာမီ အချိန်တွင် ခံတပ် တစ်ခုလုံး၌ မီးခိုးများ အူထွက်လာကာ မည်သည့် အရာကိုမျှ သည်းကွဲစွာ မမြင်ရတော့ပေ။ လွင်ပြင်တစ်နေရာ ၌ တပ်ပြန် ဆုတ်ကာ ခံတပ်ဘက်ဆီသို့ အပြင်းနှင်လာသော တပ်မှူးငယ် ခွန်ဒီနောင်သည် ခံတပ်ဘက်ဆီမှ မီးခိုး များကို မြင်လေသော် ခံတပ်တွင်းသို့ ပြန်ဝင်ရင် မဖြစ်နိုင်တော့မှန်း သိသဖြင့် လမ်းကြောင်းကို နောက်ပြန်လှည့်ကာ တောအုပ်ဘက်ဆီသို့ ဦးတည် လိုက်လေသည်။ ထိုသို့ လမ်းကြောင်းပြောင်း ခိုက် နောက်မှ အပြင်းချီလာသော ယုဒီပ တပ်များမှ မြင်းတပ်မ တစ်ခုသည် ခွန်ဒီနောင်တို့ တပ်စု ကို တွေ့မြင်သွားပြီး နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြလေသည်။
ခံတပ်ဖြူဆီသို့ ခံတပ်သိမ်းတိုက်ပွဲ ဆင်နွှဲရန် အပြင်းချီလာသော ယုဒီပ တပ်များ သည် ပြိုကျသွား သော နံရံပေါက်သို့ ရောက်ရှိခိုက် ခံတပ်တွင်း၌ မီးခိုးများ ပိန်းထူးနေအောင် တွေ့ မြင် ရ သဖြင့် အတင်းမ၀င်ကြတော့ပဲ အရှိန် လျော့ကာ စမ်းတ၀ါးဝါးဖြင့် ခံတပ်တွင်းသို့ ၀င်ရောက် လာ ကြလေသည်။ ထိုသို့ ၀င်ရောက်လာကြသော ယုဒီပ တပ်သားများ သည် ပတ်ဝန်းကျင်ကို စစ် ဆေး ကြည့်ရှု့ကြသော်လည်း ပိန်းပိန်းထူနေသော မီးခိုများကြောင့် မည်သည့်အရာကိုမျှ မြင်တွေ့ ရခြင်း မရှိကြချေ။ ထို့ကြောင့် ၀င်ရောက်လာသော ယုဒီပ တပ်များထဲမှ စစ်သည်တစ်ဦးက စိတ်မရှည် နိုင်တော့ပဲ .........
ဟေ့ ..............
ဘယ်ရောက်ကုန်ကြလဲကွ။
ဘာလဲ ငါတို့ကို ကြောက်လို့
ထွက်ပြေးကုန်ကြတာလား။
ဝှစ် ....... ၀ှစ် ......... ၀ှစ် ..........
အား ....... အား ........ အီး ............
ဝှစ် ...... ၀ှစ် ......... ၀ှစ် .............
အား ...... အင်း ....... အူး ..............
ရန်သူများထံမှ မြှားများဖြင့် ပြန်လည် ပစ်ခတ်လာသဖြင့် ဟန်သော်ဝေ စစ်ဦးစီး ဆာဂျန်းသည် မိမိရဲ့ တပ်များအားလုံးကို ဆုတ်ခွာရန် အချက်ပြ အမိန့်ပေးလိုက်ပြီး မီးခိုးများကြောင့် ရန်သူများ မသိရှိခိုက် ခံတပ်အပြင်သို့ ထွက်ခွာ ကြလေသည်။ ခံတပ်တွင်း၌ မီးခိုးများသည် ပိန်းပိန် ထူလျက် ရှိနေသောကြောင့် ရန်သူ့တပ်များသည် ရုတ်တရက် အပြင်းမ၀င် ရောက်နိုင်သေးခင် အချိန် တွင် စစ်ဦးစီး ဆာဂျန်းအဖို့ ဆုတ်ခွာရန် အချိန် ကောင်းပင်ဖြစ်လေတော့သည်။ ဟန်သော် ဝေ တပ်များ သည် ခံတပ်ဖြူကြီးအား ရန်သူများ လက်တွင်း၌ ထားခဲ့လိုက်ရသဖြင့် ရာဇ၀င် သွေး ကြွေး တစ်ခု တင်ကျန်ရစ်ခဲ့ကြလေတော့သည်။ သို့ဖြင့် ခံတပ်တွင်း၌ အကျဆုံးမရှိတော့ပဲ ဆုတ်ခွာ ခဲ့ရ သည် မို့ ရဲမက်စစ်သည် အင်အား မှာတော့ များစွာ ကျန်ရှိနေခဲ့လေသည်။ ရာဇ၀င်၌ တစ်ကြိမ် တစ်ခါမျှ မကျဆုံးဖူးခဲ့သော ထို ခံတပ်ဖြူကြီးသည် ယနေ့ ကျဆုံးခန်းသို့ ၀င်ရောက်ခဲ့ရလေရာ ဟန် သော်ဝေ နိုင်ငံအတွက် နာကျည်းနစ်နာစရာကောင်းလှပြီး ယုဒီပ နိုင်ငံအတွက် တော့ သမိုင်း စာ မျက်နှာသစ်တစ်ခုကို ဖွင့်လှစ် နိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။ အချိန်အားဖြင့် ပြောပြရရင် နံနက် အာရုတ် ချိန် ကို ကျော်လွန်နေပြီး မိုးသောက်ယံ အချိန်သို့ တိုင် ရောက်ရှိ နေလေတော့သည်။
( ဆက်လက်ဖော်ပြပါမည်။)
Rocker77
No comments:
Post a Comment