အခန်း ( 2 )
ယုဒီပ နိုင်ငံ နှင့် ဟန်သော်ဝေ နိုင်ငံ နယ်စပ်။
ဟန်သော်ဝေ နိုင်ငံပိုင် အမိုဝေ တပ်စခန်း။
ည သည် တိတ်ဆိတ်လွန်းနေသည်။ နွေရာသီရဲ့ လေပွေလေရူး တို့သည်လည်း ငြိမ်သက် စွာ အိပ်မောကျ လျက် ရှိပေသည်။ အချိန်အားဖြင့် သန်းခေါင်ယံ ကျော်ချိန် သို့ ရောက်ရှိလေပြီ။ ခံတပ်စခန်း တစ်ခုလုံးတွင် ပုံမှန်ကင်းလှည့် နေသော ဟန်သော်ဝေ စစ်သည်များမှ အပ ကျန်တပ် သား စစ်သည်တော်များအားလုံး အိပ်စက် အနားယူလျက်ရှိပေသည်။ ထိုအချိန်............
ခံတပ်စခန်း ရဲ့ မြောက်ဘက်အရပ် ၊ တောအုပ်ငယ်အတွင်းမှ အနက်ရောင် ကိုယ်ကြပ် ၀တ်စုံများကို ကိုယ်စီ ၀တ်ဆင်ထားပြီး မျက်နှာများ ဖုံးအုပ်ထားသော လူတစ်စုသည် ခံတပ်စခန်း ဆီသို့ ညရဲ့ အမှောင်ကို အားကိုးလျက် တရွေ့ရွေ့ နှင့် ချဉ်းကပ်လာပေသည်။ ထို့သို့ ချဉ်းကပ်လာပေ ရာ ခံတပ်စခန်း နှင့် အတော်ပင်နီးကပ်သော နေရာသို့ ရောက်ရှိလေရာ ထို လူများထဲမှ ခေါင်း ဆောင် ဖြစ်ဟန် ရှိသောလူမှ လက်ဟန်ပြကာ လုပ်ငန်းစတင်ရန် အမိန့်ပေးလိုက်လေသည်။
ထို လူစုထဲမှ လူနှစ်ယောက်သည် ခံတပ်ရိုးပေါ်မှ ကင်းလှည့်နေသော စစ်သည် နှစ် ယောက် အား အဆိပ် လူးထားသော လက်နက်ပုန်းများဖြင့် လှမ်းပစ်ကာ ရှင်းပစ်လိုက်ကြသည်။ ကင်းလှည့် စစ်သည် နှစ်ယောက်မှာ အသံပင် ထွက်ချိန်မရလိုက်ပဲ တုန်းခနဲ လဲကျသွားပေသည်။ ထို့နောက် အခြေနေကို တခဏ စောင့်ကြည့်လိုက်ပြီး ခံတပ် တံတိုင်းပေါ် သို့ တက်ရောက်ရန် အတွက် သံချိတ်ကောက်များ ပါသော ကြိုးများကို ခံတပ်တံတိုင်းပေါ်သို့ ဒူးလေး ပုံစံရှိသော လက်နက် တစ်မျိုးဖြင့် လှမ်းပစ်တင်လိုက်လေသည်။ ခံတပ်ပေါ်သို့ ကြိုးများ ချိတ်ပြီးသည်နှင့် တပြိုင်နက် ခံတပ်ရိုးပေါ်သို့ အမှောင်ကို အကာကွယ်ယူလျက် တိတ်တဆိတ် တွယ်တက်သွား ကြလေသည်။
ထို့နောက် ခံတပ်ရိုးပေါ်၌ အခြေနေကို တစ်ချက် အကဲ ခတ် လိုက်ကြပြန်သည်။ ကင်းလှည့် စစ်သည် နှစ်ယောက်သည် ထိုလူစုဘက်ဆီသို့ တရွေ့ရွေ့နှင့် လှမ်းလျှောက်လာသည်ကို တွေ့ မြင်ကြရာ အကာကွယ်ယူလျက် ပုန်း အောင်း လိုက်ကြပြန်သည်။ ကင်းလှည့် နှစ်ယောက် အနီးသို့ ရောက်လာခိုက်တွင် ထပ်မံ သုတ်သင် လိုက်ကြပြန်သည်။ ထို့သို့ဖြင့် ခံတပ် တံတိုင်းပေါ်ရှိ အစောင့် စစ်သည်များကို တစ်စုပြီးတစ်စု တစ်ဦးပြီး တစ်ဦး သုတ်သင်လိုက်ကြရာ နောက် ဆုံး တွင် ခံတပ်ကြီးရဲ့ မြောက်ဘက်တံတိုင်း နှင့် ဂိတ်တံခါးတို့ကို အပြည့်ဝ ထိန်းချုပ် လိုက်ကြလေသည်။
ထို့နောက် ခေါင်းဆောင်ဖြစ်ဟန် ရှိသူက သူ့လူတစ်ယောက်ကို မျက်ရိပ်ပြကာ အမိန့် ပေးလိုက်နှင့် တပြိုင် နက် ထိုသူသည် လေး နှင့် မြှားကို ယူကာ မီးစာ ၌ မီးရှို့ လျက် မီးမြှားတစ်စင်း ကို တောအုပ်ဘက်ဆီသို့ ပစ်လွှတ်ကာ အချက်ပေးလေလိုက်သည်။ ထို အချိန်ထိ အမိုဝေ ခံတပ် အတွင်း ရှိ ဟန်သော်ဝေ နိုင်ငံ ကင်းလှည့် စစ်သည်များနှင့် အနားယူ အိပ်စက်နေသော စစ်သည် များ အားလုံး သည် အဖြစ်ပျက်များကို သတိမူမိခြင်း လုံးဝ မရှိလိုက်ချေ။
ခံတပ်ဆီမှ အချက်ပြမီးမြှားကို မြင်ရသည်နှင့် တပြိုင်နက် မြောက်ဘက် တောအုပ်ထဲ၌ တပ်လျှိုဖျောက် ပုန်းအောင်းနေသော ယုဒီပ နိုင်ငံ ရဲ့ မြင်းစီး စစ်သည် များသည် စစ်မြင်းများကို ကိုယ်စီ စီးနှင်းလျက် အမိုဝေ ခံတပ်စခန်း ဆီသို့ တရှိန်ထိုး ဒုန်းစိုင်း အပြေးနှင်လာကြတော့သည်။ မြောက်ဘက် ခံတပ် ဂိတ်တံခါး အနီးသို့ မြင်းတပ်ကြီး ရောက်သည် နှင့် တပြိုင်နက် ခံတပ်ပေါ်၌ အသင့် နေရာယူထားကြသော ၀တ်စုံနက်နှင့် လူများက ခံတပ်ဂိတ်တံခါးကို ဖွင့်ပေးလိုက်လေ
ရာ ..................
ယား ......... ၀ှစ်............ ၀ှစ်...................
အင့် ........... အား.............. ဒုတ်.................
အူး ................. အီး................ ရွှတ် .................
ကြယ်ရောင်စုံ တိတ်ဆိတ်နေသော ညရဲ့ ကောင်းကင်အောက် ၌ ငြိမ်းချမ်းစွာ အိပ် မော ကျ လျက်နေသော ခံတပ် စခန်းမှာ ရုတ်တရက် ငရဲ ပျက်ခန်း တစ်ခုသို့ အသွင်ပြောင်း သွား ကာ အလစ်ငိုက် စီးတိုက်ခြင်းကို လှပစွာ မရှု့မလှ ခံစားလိုက်ရလေတော့သည်။ ရိက္ခာ ဂိုဒေါင်များမှ မီး တောက်မီးလျှံများကလည်း ကောင်းကင်ယံထက် တလူလူ လွင့်တက် လာကာ ခံတပ်ကြီးကို ထိန် ထိန် လင်းနေပေတော့သည်။ မြင်း ဇောင်းထဲမှ မြင်းများသည်လည်း ဟိုဟိုဒီဒီ ခြေဦးတည့်ရာ ပြေး ထွက် ကုန်ပြီး ခံတပ်တစ်ခုလုံး ၌ လှည့်ပတ်ပြေးနေကြသည်။ ရုတ်တရက် အလစ်အငိုက် စီးနင်းခြင်း ကို ခံ လိုက်ရသည် ဖြစ်ရ်ျ ဟန်သော်ဝေ စစ်သည်များလည်း မရှု့မလှ အတုံးအရုံး နှင့် နောက်ဆုံးတွင် အရှုံး ကို လှပစွာ ခံစားလိုက်ကြရပေသည်။ နောက်ဆုံးတွင် ငရဲ ပျက်ခန်းကြီးသည် အာရုဏ်တက် ချိန် အရောက်တွင် သွေးချောင်းစီးမှုကြီးနှင့် အတူ ပြီးဆုံး သွားခဲ့လေ တော့သည်။ ထိုနေ့ နံနက် အာရုဏ် တက်ချိန်မှ စရ်ျ အမိုဝေ ခံတပ်စခန်းတွင် ယုဒီပ နိုင်ငံရဲ့ အလံတော်ကို အပြီး လွှင့်ထူ လိုက် ကြလေ တော့သည်။
****************************
အခန်း ( 3 )
ရာသီးဥတုသည် လေငြိမ်နေသော်လည်း မိုးရိပ်မိုးသားတို့က မည်းမှောင် အုပ်စိုင်းစွာဖြင့် ကောင်းကင် တစ်ခု လုံးကို စိုးမိုးထားလျက် ရှိပေသည်။ မကြာခင် အချိန်လေး အတွင်းမှာ ရက်ရက် စက်စက် ၀ုန်းဒိုင်းကျဲ ရွာချရန်အတွက် မိုးနတ်မင်းကြီး ပြင်ဆင်လျက် ရှိနေပေသည်။
ထိုအချိန် ကုန်သည် လှည်းတို့ သွားလာရာ ကုန်သွယ်လမ်းမကြီးတွင် ကုန်တင်မြင်းလှည်း တစ်စင်းသည် တစ်စုံတစ်ခုကို အလျင်လိုလျက် အပြင်းဒုန်းစိုင်းလျက် ရှိနေပေသည်။ ထို လှည်း၏ မ လှမ်း မကမ်းမှ နေရ်ျ လွန်စွာ သန်မာပြီး ပြေးအားအလွန်ကောင်းမွန်သော အုန်းခွံရောင် မြင်းနှစ် ကောင် သည်လည်း လိုက်ပါလာလျက်ရှိပေသည်။
ထိုသူတို့သည် ရာသီဥတုရဲ့ မိုးဒဏ်ကို ကျော်လွှားအနိုင်ယူနိုင်ရန် အတွက် မိုးမရွာမှီ မြို့ တစ်မြို့သို့ ၀င်ရောက် နိုင်ရန် ခရီးကို အပြင်းနှင်နေကြခြင်း ဖြစ်လေသည်။ ကံဆိုးစွာနှင့်ပင် မိုးစက် မိုးဖွား တို့က ထိုသူများ ဆီသို့ ပြိုရ်ျ ဆင်းလာ ခဲ့တော့သည်။ ရှေ့နားမှ သွားနေသော မြင်းလှည့်ဆီမှ အဘိုးအိုက ညာသံပေးလျက် သူ၏မြင်းကို နှင်တံရိုက်နေသော်လည်း ရွာတော့မည့်မိုးကို မလွတ်နိုင် မှန်း ရိပ်စားမိလာလေသည်။ ထို့ကြောင့်........
သမီးတို့ .... အရှေ့နားမှာ ကုန်သည်တွေနားတဲ့
ရွာလေးတစ်ရွာ ရှိတယ်။ အဲ့မှာ နားကြရအောင်။
အဘိုးအိုသည် နောက်မှ ကပ်လျက်လိုက်ပါကြသော သူရဲ့ အဖော်များကို လှမ်းအော် ပြော လိုက်ခြင်း ဖြစ် ပေရာ နောက်မှ လိုက်ပါလာသူတို့က.........
ဟုတ်ကဲ့ပါ အဘ ။
ဟု ပြိုင်တူ ပြန်ဖြေပေးကြလေသည်။
သို့နှင့် ထိုလူစုသည် ရွာငယ်လေးဆီသို့ ရောက်ရှိလာကြတော့သည်။ ရှေ့မှ သွားနေသော မြင်းလှည်းသည် အရှိန်ကို လျှော့ချလိုက်ကာ ရွာထဲသို့ ၀င်လိုက်ပြီး ကုန်သည်ပွဲစားများ ထိုင်လေ့ ရှိ သော ထမင်းဆိုင်တစ်ခုရှေ့၌ လှည်းကို ရပ် တန့် လိုက်လေသည်။ ထို့နောက် သူ့ရဲ့ မြင်းကို လှည်းမှ ဖြုတ်ကာ ချည်တိုင်မှာ ချည်ထားလိုက်လေသည်။ နောက်မှ လိုက်ပါ လာသူ သူရဲ့ အဖော်များ သည် လည်း သူတို့ရဲ့ မြင်းများကို ကိုယ်စီ ချည်တိုင်မှာ ချည်ထားပြီး သုံးယောက်သား ဆိုင်အတွင်း သို့ လှမ်း ၀င်လိုက်ကြလေသည်။ ဆိုင် အတွင်းသို့ ၀င်ကာနီးတွင် အဘိုးအိုက ခါးမှ ငွေစ အနည်းငယ်ကို ထုတ် ကာ ဆိုင်ရှိ စား ပွဲထိုးအား လှမ်းပေးလိုက်လေသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ခရီးဝေးနှင် လာ သော သူ တို့ရဲ့ မောပန်းနေတဲ့ မြင်းများကို အစာ နှင့် ရေ တိုက်ရန်အတွက် ဖြစ်လေသည်။ ဆိုင်ထဲသို့ ရောက် လျှင်.....
ကြွပါဗျာ ။ ကြွပါ။ ဘာများ သုံးဆောင်ကြမလဲဗျာ။
ပြီး ..........
သမီးတို့ရေ .....
ဒီရာသီဥတု နဲ့ဆိုရင် ခရီးဆက်လို့ကောင်းမှာ မဟုတ်တော့ဘူး။
အချိန်လည်း အတော်လေး လင့် နေပြီ။
ဒီတော့ အဘတို့ ဒီည ဒီမှာပဲ တည်းလိုက်ကြရင် ကောင်းမယ်ထင်တယ်။
ထိုအခါ မယ်ခ က ...........
ဒီမှာ လုံခြုံမှု ရှိရဲ့လား အဘ ။
အဘိုးအို ................
ရှိပါတယ်ကွယ့် ၊ ဒီဆိုင်က ကုန်သည်တွေ ခရီးတထောက်
နားတဲ့ နေရာလေ။ ဘာမှမစိုးရိမ်ပါနဲ့ ။ စိတ်ချရပါတယ်။
မယ်ခ ...................
ဒါဆိုလည်း အဘ သဘောအတိုင်းပါပဲ ။
စီစဉ်လိုက်ပါ အဘ ။ မနက်ဖြန်ကျမှ ခရီးဆက်ကြတာပေါ့ ။
ထို့နောက် အဘိုးအို သည် စားပွဲထိုး လုပ်သူအား လှမ်းခေါ်လိုက်ကာ နေစရာ အခန်း များ ကို မှာယူ လိုက်ရာ အခန်း နှစ် ခန်း ရရှိလေသည်။ တဆက်တည်းမှာပဲ စားစရာများကို မော မော ပန်းပန်း နှင့် သုံးယောက်သား စားသောက်ပစ်လိုက်ကြပြီး ကျသင့် ငွေများကို ရှင်းပေးကာ မိမိတို့ရဲ့ အခန်းများဆီသို့ ထွက်ခွာ လိုက်ကြလေတော့သည်။
****************************
အချိန်အားဖြင့် ညလယ်ယံ သို့ ရောက်ရှိလေသည်။ တနေကုန် ခရီးနှင်လာကြသည်မို့ တည်းခိုဆောင် တစ်ခုလုံးရှိ လူများသည် မောမောပန်းပန်းနဲ့ အိပ်မောကျလျက် ရှိနေပေသည်။ ထို အချိန် ထမင်းဆိုင် အနောက်ဘက် မြင်း ဇောင်း ထဲမှ မြင်းများ ကနာမငြိမ်သံ သဲ့သဲ့ ထွက်ပေါ် လာ လေ သည်။ ထို အသံကို အအိပ်ဆတ်သော မယ်ခ တစ်ယောက် ကြားမိလိုက်လေသည်။ ထို့ကြောင့် မိမိ ဘေးနား၌ ရှိနေသော အဆောင်ဓါးကို ယူကာ အောက်ထပ်ရှိ မြင်းဇောင်း ဆီသို့ တစ်ကိုယ် တည်း ဆင်းလာခဲ့လိုက်သည်။ ခရီးပန်းနေသည်မို့ မယ်မြ တစ်ယောက်ကတော့ အိပ်မောကျလျက် ကျန်နေ ခဲ့ လေ သည်။
လမိုက်ည ဖြစ်သည့် အလျောက် အလင်းရောင်အားနည်း နေခြင်းကို အခွင့် ကောင်း ယူ ကာ မယ်ခ တစ်ယောက် အမှောင်ကို အားကိုးလျက် မြင်းဇောင်း ဆီသို့ တိတ်တဆိတ် ချဉ်းကပ် လိုက်လေသည်။ မြင်းဇောင်း နှင့် မလှမ်း မကမ်းနေရာ အရောက်တွင် မြင်းဇောင်းအား တချက် အကဲ လှမ်းခတ်လိုက်လေရာ ..........
မြင်းဇောင်း ထဲ၌ လူရိပ်နှစ်ခုကို လှမ်းတွေ့လိုက်ရလေသည်။ တစ်ဦးက မြင်းဇောင်း ထဲ မှ မြင်းတစ် ကောင်ကို ဆွဲထုတ်ရန် ကြိုးပမ်းနေပြီး ကျန်တစ်ယောက်က ပတ်ဝန်းကျင် အခြေနေ ကို စောင့်ကြည့်ပေးလျက် ရှိပေသည်။ မယ်ခ သဘောပေါက်သွားသည်။ ထိုသူ နှစ်ယောက်သည် ဇောင်းထဲမှ မြင်းများကို ခိုးရန်လာရောက်ကြသော မြင်းသူခိုး များ ဖြစ်ကြလေသည်။ မယ်ခ သည် ထို သူများကို ပညာပေးဆုံးမ ရန် ဆုံးဖြတ်လိုက်လေသည်။
မယ်ခ သည် အနီးနားကို လှမ်းကြည့် လိုက်ရာ မြေနီခဲကျိုး တစ်ခုကို တွေ့လိုက်ရ သည်။ မယ်ခ ထို ခဲကျိုးကိုကောက်ယူလိုက်ပြီး အပြင်၌ စောင့်နေသော သူခိုး တစ်ယောက်ထံသို့ လက်နက်ပုန်းသဖွယ် လှမ်း ပစ်လိုက်လေ သည်။
ဝှီးးးးးးးးးးးးးးးးးးးးးးးးး
ဒုတ် ......................
အင့် ........................
ဒုန်း .....................
အီး .......................
ရုတ်တရက် အကန်ခံလိုက်ရသဖြင့် ထိုလူမှာ ရှောင်တိမ်းချိန်မရလိုက်ပဲ မြေပေါ်၌ ပက်လက်လန် လဲ ကျသွားလေသည်။ မယ်ခ သည် လက်မှ ဓါးကို ထုတ်ကာ ထိုလူ၏ လည်ပင်း ပေါ် သို့ မိုးထားလိုက်လေသည်။ လဲ နေသော လူ သည် အတော်ပင်အီစိမ့် သွားပုံရပြီး မျက်လုံးပင် ပြန်မ ဖွင့် နိုင် သေးချေ။
အီးးးးးးးးးးးးးးးးးးးးးးးး
ညည်းညူပြီး ထိုလူ မျက်လုံးကို ရုတ်တရက် ပြန်အဖွင့် ၊ ဓါး မိုးထားသော မယ်ခကို တွေ့လိုက်ပြီး
အမလေး
မလုပ်ပါနဲ့ ဗျာ။ မလုပ်ပါ နဲ့ ။
နောက်မလုပ်တော့ပါဘူးဗျာ။
တကယ်ပြောတာပါဗျာ။
မသတ်ပါနဲ့ ဗျာ။ မသတ်ပါနဲ့ ။
ကျွန်တော့မှာ မိန်းမ နဲ့ ကလေးတွေနဲ့ပါဗျာ။
မသတ်ပါနဲ့ ။ မသတ်ပါနဲ့ ဗျာ။
မယ်ခ သည် ထိုလူတို့ရဲ့ အဖြစ်ကို ကြည့်ကာ ပြုံးလျက် ကျန်နေခဲ့ပြီး သူမ ရဲ့ မြင်းကို ဇောင်းထဲသို့ ပြန်ချည်ထားခဲ့ကာ အိပ်ဆောင်ဆီသို့ ပြန်လာခဲ့လေသည်။ အိပ်ဆောင် လှေကား နား သို့ အရောက်သို့ သူမအား ပြုံးစိစိ ဖြင့် ကြည့်နေသော အဘိုးအို နှင့် မယ်မြ ကို တွေ့ရလေသည်။ သူတို့ နှစ်ယောက်သည် မယ်ခ မြင်း သူခိုးများကို ပညာပေးလိုက် ပုံကို အစအဆုံး မြင်လိုက်ကြပုံ ရှိလေရာ မယ်ခ သည် ဘာမှ ပြောမနေတော့ပေ။ ထို့နောက် သူတို့ သုံးယောက်သားသည် တစ် ယောက်ကို တစ်ယောက် အပြုံးများဖြင့် ကြည့်ကာ အိပ်ခန်း ဆီသို့ ပြန်ကာ အိပ်စက် ခဲ့ကြ လေ တော့သည်။
( ဆက်လက်ဖော်ပြပါမည်။ )
Rocker77
No comments:
Post a Comment