Wednesday, June 4, 2014

မွေးနေ့





( ၁ )



               ဒီနေ့ ကျွန်တော် ကိစ္စတွေ တတော်များနေခဲ့တယ်။ အလုပ်ကိစ္စတွေက တစ်ဖက် ၊ အမေ့ကို ဆေးခန်း လိုက်ပို့ပေးရမှာက တစ်ဖက်နဲ့ ဗျာ များ နေခဲ့ တာ။ မနက်စာ ထမင်းလည်း အချိန်လွန်လို့ နေခဲ့တယ် ။ ရုံးမှာ အလုပ်ကိစ္စတွေကို အပြီးဖြတ်ခဲ့ပြီး နေ့တ၀က် ခွင့်ယူကာ အမေကို ဆေးခန်း ပြပေးဖို့ ကားကို ခပ်သွက်သွက်လေး မောင်းလာခဲ့လိုက်တယ်။ ဖြစ်ချင်တော့ လမ်းမှာ မိုးက သည်းသည်းမည်းမည်း ရွာချ လိုက်ပါလေရော ။
ရာသီဥတုက လေရော မိုး ပါ ကောင်း နေသည်မို့ ကား အရှေ့ မြင်ကွင်းတို့ ကြည့်လို့ မကောင်းတော့ပေ။ လမ်းပေါ်မှာ လည်း တစ်စစ နဲ့ ရေ တွေ လျှံ လို့ လာနေပြီ ။ ထိုကြားထဲ ဗိုက် ထဲက တဂြီဂြီ မြည်လို့ လာပြန်သေးတော့  ကားမောင်းရတာ သိပ်အဆင်မပြေတော့ပေ ။ ဒါနဲ့ပဲ ကျွန်တော် ကော်ဖီဆိုင် တစ်ဆိုင် နားရောက်တော့ မနက်စာ တစ်ခုခု စားရင်း မိုးစဲ တာကို ခဏစောင့်မည်ဟု ဆုံးဖြတ်ပြီး ကားကို ကော်ဖီဆိုင်ရှေ့က ပါကင်မှာ နေရာယူလိုက်တယ်။ ကားကိုရပ်ပြီး ကားထဲက ထွက်မည် လုပ်တော့ မှ ထီးကို သတိရ တော့တယ်။ ထီက ကားနောက် ဖုံးထဲမှာ ။ မိုးကလည်း သည်းလို့ ကောင်းနေတုန်း။ ထီးကို ယူနေတာနဲ့ပဲ မိုးရေရွှဲ သွားနိုင်တယ်။ မထူးတော့ ပါဘူးဟု စိတ်မှ ရေရွတ်ကာ ကားထဲ ကနေ ကော်ဖီဆိုင်ထဲကို ဒီတိုင်းပဲ ပြေးဝင်လိုက်မယ်လို့ ဆုံးဖြတ်ပြီး အပြေးလွှား ကော်ဖီ ဆိုင်ထဲကို ပြေးဝင် လိုက်တော့ တယ်။


              ဆိုင်ထဲ ပြေးဝင်လိုက်တာနဲ့  မထင်ထားတဲ့ အဖြစ်ပျက်တစ်ခုက ကျွန်တော့်ကို ဆီးကြို လိုက်တော့တယ် ။ ဆိုင်ထဲကို မိုးရေစို မှာ ကြောက် ပြီး ပြေးဝင်လိုက် တဲ့ ကျွန်တော် ၊ ဆိုင် အ၀င်ဝ မှာ ချ ထားတဲ့ ခြေသုတ်ဝတ်ပေါ်ကို ခြေတစ်ဖက်ထောက်မိပြီး ဟန်ချက်ပျက်သွားခဲ့တယ် ။ တစ်ဆက်တည်းမှာ ပဲ  ဆိုင်အပေါက်ဝ အနားမှာ ရှိနေတဲ့ မိန်းခလေး တစ်ဦးရဲ့ လက်မှာကိုင်ထားတဲ့ စက္ကူ ဘူး တစ်ခုကို ကျွန်တော့် လက်တစ်ဖက်က ရိုက်ချသလို ဖြစ်သွားပြီး ထို စက္ကူ ဘူး သူမ လက်က ပြုတ် အကျ ကျွန်တော်လည်း ဗိုင်းကနဲ လဲကျသွားတော့သည်။ ကံကောင်းထောက်မစွာ နဲ့ ခေါင်းနဲ့ မကျအောင် ကိုယ်ကို ထိန်း လိုက်နိုင်ပေမယ့်  သူမ ရဲ့ လက်ထဲက ပြုတ်ကျသွားတဲ့ စက္ကူ ဘူးက ကျွန်တော့် ပခုံးနဲ့ ဖိ လျက်သားဖြစ်သွားလေသည်။ ကျွန်တော် ပြန်ကြည့်တော့ ထို စက္ကူ ဘူးက ကိတ်မုန့်ဘူး ဖြစ်နေတယ်။ ကိတ်မုန့် တစ်ခုလုံးလည်း ကျွန်တော် ပခုံးနဲ့ ဖိမိလို့ ပျက်စီးသွားပြီး ကျွန်တော့် အကျီ မှာလည်း ကိတ်မုန့်က ခရင်မ် တွေ က ပေ လို့။ ခုမှတော့ မထူးတော့ချေ ။ တောင်းပန် ရုံမှ တပါး အခြား မရှိတော့ပြီ။


              
              ကျွန်တော် တောင်းပန်ရန် ပြန်ထ လိုက်စဉ် နားထဲသို့ စူးရှရှ အသံတစ်ခု ကန့်လန့် ၀င်လာခဲ့လေသည်။ ကျွန်တော့် လက်နဲ့ ထိမိသွားလို့ ကိတ်မုန့်ဘူး လွတ်ကျသွားသော မိန်းခလေး ထံ မှ ဖြစ်လေသည်။ ကျွန်တော် အသံလာရာဆီကို ကြည့်လိုက်တော့ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ မျက်ဝန်း တစ်စုံနဲ့ ရန်တွေ့နေတဲ့ မိန်းခလေး တစ်ယောက်ကို တွေ့ လိုက်ရတယ်။ သူမ ဒေါသဖြစ်မည်ဆိုလည်း ဖြစ်ပေလိမ့်မည်။ ဘာကြောင့်ဆိုတော့ ကျွန်တော် တိုက်မိပြီး ပြုတ်ကျ ပျက်စီးသွားတဲ့ ကိတ်မုန့်ဘူး က ဘတ်ဒေး ကိတ် ဖြစ်နေလို့ပါပဲ။ မွေးနေ့ရှင် မည်သူမည်ဝါမှန်း ကျွန်တော် မသိသေးပေမယ့်  ထို မိန်းခလေး ကို တောင်းပန်ရန် မျက်နှာချင်း ဆိုင်နေစဉ် ၊ နောက်ကျောဘက်ဆီမှ ချို မြမြ စကား သံတစ်ခု ကို ထပ်ကြားလိုက်ရသည်။ စကားလုံးတွေက ရန်တွေ့သံတွေ မဟုတ်ပဲ အခြေနေကို ဖြန်ဖြေ သည့် စကားသံများသာ ဖြစ်လေသည်။ ပြောလိုက်တဲ့ စကားသံတွေက တယောသံ တစ်ခုလို  နားထဲသို့ စီးဝင်သွားလေတော့ ထို ချို မြမြ အသံရှင်ကို ကျွန်တော် လှည့် ကြည့်မိသွားတယ်။ အသံရှင်က တည်ကြည်တဲ့ အလှတွေကို ပိုင်ဆိုင်ထားတဲ့ မိန်းမချော လေး တစ်ဦး ဖြစ်နေတာကို လည်း တွေ့လိုက်ရတယ်။ သူ့ကို ကျွန်တော် လှည့်ကြည့် ခိုက် သူလည်း ကျွန်တော့်ကို ကြည့်နေခဲ့သည်မို့ မျက်လုံးချင်း တဒင်္ဂမျှ  ဆုံမိသွားတယ်။ ထိုသို့ တစ်ယောက် ကို တစ်ယောက် ငေး ကြည့်နေစဉ် ၊ အစောက ခပ်စွာစွာ ရန်တွေ့နေသော မိန်းခလေး ရဲ့ စကားသံက နားထဲကို တစ်ခါ ပြန်ဝင်လာသဖြင့် ကျွန်တော် တို့  နှစ်ယောက်ရဲ့ မျက်ဝန်းချင်း ဆက်သွယ်မှုလည်း ပြတ်တောက် သွားခဲ့တယ်။ ကျွန်တော် စွာနေတဲ့ မိန်းခလေးဘက် ပြန်လှည့် ကာ တမင်လုပ်တာ မဟုတ်ကြောင်း ၊ မတော်တဆ ဖြစ်ခြင်းသာ ဖြစ်ကြောင်း ၊ အလွန်အားနာပါကြောင်းကို စီကာပတ်ကုံး မနည်းရှင်းယူလိုက်ပါရတော့တယ်။


                                  
                 ဒါတောင် ထို မိန်းခလေးက မရပ်သေးပဲ ဆက်ရန်တွေ့နေသေးသဖြင့် ကျွန်တော့် နောက်ကျောဘက်မှာ ရပ်နေတဲ့  မိန်းမချော လေး ထပ်ပြီး ဖြန်ဖြေရလေသည်။ ဖြန်ဖြေသူ မိန်းခလေး ရဲ့ စကားဆုံးတော့ လျှာတစ်တောင်နဲ့ ရန်တွေ့နေတဲ့ မိန်းခလေးလည်း ဘာမှ ဆက်မပြောတော့ပေ။ ဒီလိုနဲ့  ပျက်စီး သွားတဲ့ ကိတ်မုန့်ကို ကျွန်တော် ထို ဆိုင်မှာပဲ  အစားပြန်မှာပေးလိုက်တယ်။ ကံ ကောင်းချင်တော့ ဆိုင်က မုန့်ဆရာက ထို ကိတ်မုန့် ဒီဇိုင်းကို ဆိုင်မှာ ရောင်းဖို့ အတွက် အရွယ်တူ ပုံစံတူ နောက်တစ်ခု ပြုလုပ်ထားတဲ့အတွက် အဆင်ပြေသွားလေသည်။ ကျွန်တော် ပြန် ၀ယ်ပေးတဲ့ ကိတ်မုန့်မှာ စာထိုးတော့ မွေးနေ့ရှင်  ရဲ့ နာမည်က မေမိုး ဆိုတာကို ကျွန်တော် သိခွင့်ရလိုက်တယ်။ ထိုသို့ ကိတ်မုန့် ကိစ္စ အဆင်ပြေသွားတော့ မွေးနေ့ ရှင်ဖြစ်သူ အသံချို ချို ပိုင်ရှင် မေမိုးကို ကျွန်တော် ထပ်ပြီး တောင်းပန်ခဲ့ တယ်။ ပြီးတော့ မွေးနေ့လက်ဆောင်အဖြစ် အိမ်အပြန်လိုက်ပို့ပါရစေ လို့ ခွင့်တောင်း ကာ မေမိုး တို့ကို  အိမ်ပြန်လိုက်ပို့ ပေးဖြစ်ခဲ့တယ်


အခန်း ( ၂ )


               ကျွန်မ ကို မွေးတဲ့ အချိန်တုန်းက ကောင်းကင်ကြီးတစ်ခုလုံး မိုးသားတွေ မည်းမှောင်နေကာ မိုးများ သည်းထန်စွာ ရွာ နေတယ်လို့ ငယ်ငယ်က အမေ ပြောပြတာကို နားထောင်ခဲ့ဖူးတယ်။ အမေက ကျွန်မ ကို လ စေ့တဲ့ အချိန်မှာ တစ်ညလုံး ဗိုက်နာနေခဲ့ပြီး နောက်တစ်နေ့ မနက်ခင်းရောက်မှ မွေးခဲ့ နိုင် တယ်လို့လည်း ခဏခဏ ပြောပြတယ်။ အဲ့ဒီနေ့က ကဆုန်လပြည့် နေ့လည်း ဖြစ်တယ်။ ကဆုန်လပြည့်နေ့ဆိုတာက နေ့ထူးနေ့မြတ်တွေ ထဲက တစ်နေ့ပေါ့ ။ ကဆုန်လပြည့်နေ့မှာ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမမြတ်စွာဘုရား ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု နိယတ ဗျာဒိတ် ခံယူတဲ့နေ့ ၊ ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တဲ့နေ့ ၊ ဘုရားအလောင်းတော် သဗ္ဗညုတဥာဏ်တော်ကို ရရှိတဲ့နေ့ ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့ နေ့ အစသဖြင့် အမေပြောပြသည်များကိုလည်း  နားထောင်ဖူးခဲ့ရတယ်။



              ကျွန်မ လူ့လောကထဲ ရောက်တော့ မွေးလ ဖြစ်တဲ့ မေ လ ရယ် ၊ မိုးတွေ သည်းထန်စွာ ရွာနေတာရယ်ကို အစွဲပြု ပြီး အမေက မေမိုး လို့ ခေါ်ခဲ့ပြန် တယ်။ ထူးခြားတာက ကျွန်မကို အမေက လူ့လောကထဲကို တစ်ယောက်တည်း ခေါ်ဆောင်ခဲ့တာ မဟုတ်ပဲ ကျွန်မ နဲ့ အတူ အမွှာ ညီမလေးတစ်ယောက်ကိုပါ အဖော်အဖြစ် မွေးဖွားပေးခဲ့တာပါ။  ဖေဖေကဆို ညည်းတို့ ညီမနှစ်ယောက် က ဂရိ ဒဏ္ဍာရီထဲ က အပိုလို နတ်ဘုရား နဲ့ အာတိမစ် နတ်ဘုရား လိုပဲတဲ့ လေ။
ဘယ်လိုပဲဖြစ်ဖြစ် အမေကော အဖေပါ ကျွန်မ တို့ ညီအစ်မ နှစ်ယောက်ကို အရမ်းချစ်ကြတယ်။ အရမ်းလည်း ဂရုစိုက်ကြတယ်။ မွေးနေ့ရောက်ပြီ ဆိုတိုင်း လည်း မွေးနေ့ အထိမ်းမှတ်လေးတွေ အမြဲတမ်း လုပ်ပေးကြတယ်။ အမှတ်တရ လက်ဆောင်တွေ လည်း နှစ်တိုင်း ၀ယ်ပေးတတ်ကြတယ်။ ထို ပစ္စည်းလေးတွေ ကို ကျွန်မ အမြတ်တနိုး နဲ့ သိမ်းထားတတ်တယ်။ ကျွန်မ အမြတ်တနိုး သိမ်းထားတတ်တဲ့ အရာတွေထဲမှာ မောင်နဲ့ တွေ့ဆုံခဲ့တဲ့ ရက်စွဲလည်း ပါဝင် ခဲ့တယ်။



              မောင့်ကို စတွေတဲ့ နေ့က မောင်က ရှပ်အကျီ  အဖြူ  နဲ့ ကချင် ပုဆိုး ကို သပ်ရပ်စွာ ၀တ်ထားပြီး အလွန်ပဲ ကြည့်ကောင်းနေတယ်။ ဦးခေါင်းထက် က ဆံကေသာတို့ကို သပ်ရပ်စွာ ဖြီးလိမ်းထားပြီး တည်ကြည်တဲ့ မောင့်ရဲ့ ရုပ်သွင်ပြင်က ယောက်ျား တစ်ယောက်ရဲ့ ခန့်ငြားထည်ဝါမှု ကို ပေါ်လွင် လို့နေတယ်။ ကျွန်မ ကော်ဖီဆိုင်တစ်ခုမှာ အမှတ်မထင်ပဲ မောင်နဲ့ ဆုံတွေ့ မိကြတယ်။ အဲ့ဒီနေ့က ကျွန်မ မွေးနေ့လည်း ဖြစ်နေတယ် ။ ထိုနေ့က မောင်နဲ့ကျွန်မ ညီမလေး  မတော်တဆ ၀င်တိုက်မိပြီး ကျွန်မ ရဲ့ ဘတ်ဒေး ကိတ် ပျက်စီး သွားခဲ့ရတယ်။ ပထမတော့ ကျွန်မ တတော်လေး စိတ်ညစ်သွားခဲ့ မိတယ်။ ဒါပေမယ့် မောင့် နဲ့ မျက်လုံးချင်း ဆုံမိချိန်မှာတော့ အဲ့ဒီ စိတ်ညစ်မှုအားလုံး ဘယ်လို ကွယ်ပျောက်သွားမှန်း မသိလိုက်ခဲ့ပါဘူး။ မောင် အစား ပြန်ဝယ်ပေးလိုက်တဲ့ ဘတ်ဒေး ကိတ်က ကျွန်မ အတွက် မောင့်ဆီက ရတဲ့ ပထမဆုံး မွေးနေ့ လက်ဆောင်လို့လည်း ထင်မိတယ်။ မောင့်ရဲ့ အကျီ အဖြူ  ရောင်ပေါ်မှာ ကိတ်မုန့် ခရင်မ်တွေ စွန်းထင်း ခဲ့ပေမယ့် ကျွန်မ မောင့်ကို အကျီ အသစ် တစ်ထည် ပြန်မပေးဖြစ် ခဲ့ပါဘူး။ အဲ့ဒီနေ့က ကျွန်မကို မွေးတဲ့ အချိန်တုန်းကလိုပဲ မိုးတွေ တအားသည်းလို့ နေခဲ့ ပါတယ်။ ကျွန်မ မောင် နဲ့ ဆုံတွေ့ခဲ့တာကို  ဘယ်တော့မှ မေ့လို့ရနိုင်မဟုတ်ပါဘူး။ ဆုံဖြစ်ဖို့ အကြောင်းဖန်လာတဲ့ ကံကြမ္မာကိုလည်း ကျေးဇူးတင်မိတယ်။
ဘာကြောင့်လဲဆိုရင် မောင်က ကျွန်မ ကို သိပ်ချစ်တယ် ဆိုတာ ကျွန်မ ယုံကြည် ခဲ့လို့လေ။ ကျွန်မ လည်း မောင့်ကို သိပ်ချစ်ခဲ့ပါတယ် မောင် .....  ။




( ၃ )



             ကျွန်မ မောင်နဲ့ ဒုတိယအကြိမ် တွေ့ဖို့ ချိန်းဆိုထားခဲ့တယ်။ အဲ့ဒီနေ့က ကျွန်မ ဘ၀ရဲ့ တစ်ဦးတည်းသော ချစ်ရသူ မောင့်ရဲ့ မွေးနေ့လည်း ဖြစ်တယ်။
ကျွန်မ နဲ့ မောင် စတွေ့ ကတည်းက ပထမဆုံး အကြိမ် ကြုံ ရတဲ့ မောင့် ရဲ့ မွေးနေ့ အထိမ်းမှတ်လည်း ဖြစ်တယ်။ မောင်က  သူ့ရဲ့ မွေးနေ့မှာ ဘယ်တော့မှ အထိမ်းမှတ် ပြုလုပ်လေ့မရှိဘူးလို့လည်း ကျွန်မကို ပြောပြပါတယ်။ ဒါပေမယ့် ဒီနှစ် မွေးနေ့မှာ ကျွန်မနဲ့ ဆုံတွေ့ပြီး အထိမ်းမှတ်တစ်ခု လုပ်ချင်ပါတယ်လို့ ဆိုကာ ခွင့်တောင်းထားခဲ့တာပါ။ ကျွန်မ မောင့် မွေးနေ့မှာ မောင့်ကို အရမ်းကို ပျော်ရွှင်စေချင်ပါတယ်။ မောင့်အတွက် မွေးနေ့မှာ ဘယ်လို ပျော်စရာတွေကို လုပ်ပေးနိုင်မလဲဆိုတာကိုလည်း ကြို ပြီး စဉ်းစားနေမိတယ်။ ပြီးတော့ မောင့် အတွက် မွေးနေ့ လက်ဆောင်လည်း ရွေးချယ်ထား လိုက်မိတယ်။ တန်ဖိုးအားဖြင့် သိပ်မများပေမယ့် မောင့် အတွက် အမှတ်တရ ဖြစ်စေမယ်လို့ ယုံကြည်ထားမိတယ်။ ကျွန်မ ဘာကိုများ မွေးနေ့ လက်ဆောင် အဖြစ် ရွေးချယ်ထားမယ်  လို့ ထင်လဲမောင်။ မောင် ကြိုက်တတ်တဲ့ ရှပ်အကျီ အဖြူ ရောင် လေးပေါ့ ။ မောင် ကျွန်မ နဲ့ စတွေ့တဲ့အချိန်မှာ ပေစွန်းသွားခဲ့တဲ့ အကျီ အတွက် အစားဆိုလည်း မမှားဘူးပေါ့မောင်။ ကျွန်မ အစားပြန်ပေးဖို့ နဂိုကတည်းက ရည်ရွယ်ထားခဲ့ပေမယ့် အမှတ်တရ ဖြစ်စေဖို့  မောင် မွေးနေ့အထိမ်းမှတ် လုပ်တဲ့ အချိန်ကျ မှ ပေးမယ်လို့ ဆုံးဖြတ်ထားခဲ့မိတယ်။



              ကျွန်မ အတွေးတွေ နယ်လွန်နေပြီး အတွေးပြတ်သွားချိန်မှာ နာရီ ကြည့်မိတော့ မောင်နဲ့ တွေ့ဖို့ ချိန်းထားတဲ့ အချိန်က နီးကပ်လို့ နေပြီလေ။ ဒါကြောင့် ပြင်ဆင်စရာ ရှိတာတွေကို ကဗျာကယာပဲ ကျွန်မ ပြင်ဆင်လိုက်ပါတယ်။ ပြင်ဆင်ပြီး အိမ်ကထွက်တော့ မောင်နဲ့ ချိန်းထားတဲ့ အချိန်က ကွက်တိ ဖြစ်လို့နေပြီ။ ဒါကြောင့် လိုင်းကားပေါ် မတတ်တော့ပဲ တက္ကစီ တစ်စီးကို တားစီးခဲ့လိုက်သည်။ ကျွန်မ စီးလာတဲ့ ကားလေးက မောင်နဲ့ ချိန်းထားတဲ့ ကော်ဖီ ဆိုင်ရှေ့ တစ်ဖက်ကားလမ်းကို ရောက်ရှိ ချိန်မှာတော့ အချိန် နာရီဝက်မျှ နောက်ကျလို့ နေပြန်တယ်။ အချိန်နဲ့ ပတ်သက်လာရင် တိကျမှ ကြိုက် တဲ့ မောင့်ရဲ့ အကျင့် ကို ကျွန်မ သိထားလေတော့ မွေးနေ့မှာ မောင် စိတ်ညို ညင်မှာကို စိုးရိမ်မိသွားတယ်။ စီးလာတဲ့ကားလေး ရပ်တယ်ဆိုတာနဲ့ ကျွန်မ ကားပေါ်ကနေ အလျင်မြန် ဆင်းထွက်လိုက် ပြီး မောင်နဲ့ ချိန်းထားတဲ့ ကော်ဖီဆိုင်ဘက်သို့ ကားလမ်းကို ပြေးကူးလိုက်စဉ် ........



             
                                                           " ကျွီ .... ၀ုန်း ... "



                    အသံ တစ်ခုကို ကျွန်မ နားထဲမှာ ကြားလိုက်မိပြီး ခန္ဓာကိုယ် တစ်ခုလုံး လေထဲ၌ မြောက်တတ်သွားကာ မျက်လုံးအစုံမှ ဘာဆို ဘာမှ မမြင် ရတော့ပဲ အမှောင်အတိ လွှမ်းခြုံ သွားတော့တယ်။ မောင် နဲ့ တွေ့ရင်ပေးဖို့ ယူလာတဲ့ ကျွန်မ လက်ထဲက ရှပ်အကျီ အဖြူ ရောင် ပါဆယ် ထုပ်လေးသည်လည်း ကျွန်မ လက်က လွတ်ထွက်သွားတော့တယ်။



( ၄ )



                   ဒီနေ့ ကျွန်တော့်ရဲ့ မွေးနေ့ဖြစ်တယ်။ ဘ၀မှာ  ပထမဆုံးအကြိမ် အထိမ်းမှတ် ပြုလုပ် တဲ့ မွေးနေ့လည်း ဖြစ်တယ်။ ဒါကလည်း မေမိုး ကြောင့် ဆိုရင် မှားမည်မထင် ။ ကျွန်တော် မေမိုးကို သိပ်ချစ်သွားခဲ့မိတယ်။ သူမ နဲ့ ပထမ ဆုံးအကြိမ် မျက်ဝန်းချင်း ဆုံစဉ်ကတည်းပေါ့။ မေမိုး ရဲ့ တည်ကြည်လေးနက် တဲ့ အလှတွေရယ် ၊ သူမ ရဲ့ စကားသံ ချို ချို လွင်လွင်တွေရယ် ၊ စိတ်သဘောထား ထားတတ်ပုံတွေရယ် ၊ အရာအားလုံးကို စုပေါင်း စဉ်းစားမိလေ ကျွန်တော့် နှလုံးသား ကို သူမ သိမ်းပိုက်လေပါပဲ။ ဒါကြောင့် ယခုမွေးနေ့မှာ ကျွန်တော် မေမိုးကို ဖိတ်ခေါ်ထားပြီး အထိမ်းမှတ်လေး တစ်ခု ပြုလုပ်ရန် စီစဉ် ထားခဲ့တယ်။ ဒီချိန်းဆိုမှုကိုလည်း အမှတ်တရ ဖြစ်စေရန် မေမိုးနဲ့ ပထမဆုံး ဆုံခဲ့ဖူး တဲ့ ကော်ဖီဆိုင်လေးကိုပဲ ရွေးချယ် ထားခဲ့လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော် မေမိုး နဲ့ ဆုံတွေ့ရန် ကော်ဖီဆိုင်လေးသို့ ခပ်စောစောကတည်း က လာစောင့်နေမိလိုက်တယ်။ မွေးနေ့ အထိမ်းမှတ်ကို ပထမဆုံး ပြုလုပ်တာရယ် ၊ ကိုယ် ချစ်ရသူနဲ့ အတူ မွေးနေ့အထိမ်းမှတ် လုပ်ရမှာရယ်ကို ကြိုတင် တွေးပြီးလည်း ရင်ခုန် နေမိတယ်။



                 ကျွန်တော် အပြင်ဘက်ကို လှမ်းမြင်ရတဲ့ ထောင့် နေရာက စားပွဲတစ်ခုမှာ ထိုင်နေရင်း ကော်ဖီ ဆိုင်ထဲမှ အတွေး ပွားနေမိတယ်။ အတွေးပွားနေ ခဲ့သည်မို့ လည်း အချိန်ကို သတိတရ မရှိခဲ့ချေ။ အသိဝင်မှ လက်က နာရီကို ကြည့်မိတော့ မေမိုး နဲ့ ချိန်းထားတဲ့အချိန်ကို ကျော်လို့ နေလေသည်။ သို့ပေမယ့် မေ မိုး ရောက်မလာသေးပေ။ ကိုယ် ပဲ စိတ်လောနေရ်ျ လားမသိ။ မေမိုး ကို အရမ်းတွေ့ချင်နေမိတယ်။ ကိုယ်က ဖိတ်ခေါ်ခဲ့သူဆိုတော့ စောင့်ရမယ့် အလုပ်သည် လည်း ကိုယ့် အလုပ် ပဲ လို့  စိတ်ပြန်ဖြေကာ ဆက်စောင့် နေမိသည်။


                    မေမိုး ကျွန်တော့်ကို ဥပက္ခာ ပြုလိမ့်မယ် ကျွန်တော် လုံးဝ မထင်ပါ။ ကျွန်တော့် ဖိတ်ခေါ်ခဲ့စဉ်ကလည်း မေမိုးက လာခဲ့မယ့် အကြောင်း အထပ် ထပ် အသေချာ ပြောသွားခဲ့သည်။ ဒီဆိုင်မှာ ပထမ အကြိမ် ဆုံတုန်းကတည်းက မေမိုးရဲ့ မျက်ဝန်းတွေကနေတဆင့်  ကျွန်တော် နားလည် နေခဲ့ တာက မေမိုး က လှည့်စားတတ်တဲ့ မိန်းမ တစ်ယောက် မဟုတ်ဘူးဆိုတာကို။ ကျွန်တော် လက်မှာပတ်ထားတဲ့ နာရီကိုထပ်ကြည့် မိတော့ လက်တံတွေက  နေ့လည်ပိုင်းကို ညွှန်ပြနေပြီ ။ အချိ န်တတော်ကြာ ထိုင်ထားရသည်မို့ ခါးဆစ်ရိုးတွေလည်း ညောင်းစ ပြု နေပြီ။ မျက်ဝန်းထဲ မှာတော့ မေမိုး ရဲ့ ရုပ်ပုံတွေက ပြေးလွှားနေတုန်း။


                    စားပွဲ ပေါ်မှ ကော်ဖီ ခွက်က အေးစက် နေပြီ ။ ကော်ဖီခွက် ဘေးနားက ဖယောင်းတိုင်ငယ်တွေက မီးညှိမယ့်သူကို စောင့်ဆိုင်း နေတုန်းပင်  ၊ ဧည့်သည်လာရင် ပျော်ရွှင်ရမယ့် ဘတ်ဒေး ကိတ် သေးသေးလေးကလည်း နှုတ်ခမ်းဆူနေ ပြီ။ သို့ပေမယ့် နောက်ဆုံးမှာ ကျွန်တော် စိတ်ပျက်အားငယ်စွာနဲ့ လက်လျော့ရကာ ထိုင်နေရာမှ ထ လိုက်တော့တယ်။ ကော်ဖီဆိုင်မှ ထွက်လာခဲ့တဲ့ ကျွန်တော့်ရဲ့ အပြန်လမ်း တစ်လျှောက်တွင်တော့ နှလုံးသွေး နဲ့ တည်ဆောက် ဖို့ ကြိုးစားခဲ့တဲ့ အထိမ်းမှတ်လေး တစ်ခုက ကျိုးပဲ့ကြေမွ သွားခဲ့လေသည်။ ထိုအရာနဲ့အတူ ကျွန်တော့် ရဲ့ ပထမ ဆုံး မွေးနေ့အထိမ်းမှတ် သည်လည်း  ဦးကျိုး လို့ နေခဲ့လေပြီ။


( ၅ )



                   
လောကတွင် မထင်မှတ်ထားသော နေရာ ၊ မထင်မှတ်ထားသော အချိန် ၌ မထင်မှတ်ထားသော အဖြစ်ပျက်များ  ဖြစ်ပေါ်တတ်လေသည်။ ကံကြမ္မာ ကို မပိုင်ဆိုင်နိုင်ကြသော လူသားတို့ အဖို့ တစ်ခါတရံ မှာ ဖူးစာရေး နတ်တို့က ဘယ်လိုပင် ကြိုးစားလင့်ကစား။ နတ်ဆိုးတို့ ကျိန်စာ တိုက်ကြ သည့်အခါ .......


                   မည်းညစ်နေသော ကတ္တရာလမ်းပေါ် ၌ လူတစ်ယောက်ရဲ့ သွေးတို့က စမ်းချောင်းငယ် တစ်ခုလို စီးဆင်းလို့ နေလေသည်။
ထို သွေးစမ်းချောင်း ငယ် အနီးမှာ အဖြူ ရောင် ၀တ်စုံတစ်ခုကို ၀တ်ဆင်ထားသော မိန်းမချောငယ်တစ်ယောက်မှာ လဲလျောင်းလို့ အိပ်စက် နေလေသည်။ ထို အိပ်နေသော မိန်းမ ငယ်လေးကို မတ်တပ်ရပ်နေတဲ့ လူတွေက တံတိုင်းအဖြစ် ပတ်ပတ်လည် ၀န်းရံကာ အကာကွယ် ပေးထားကြလေသည်။ ထို မိန်းမငယ်လေးနဲ့ တစ်ပုံစံတည်း တူသော အခြား မိန်းမငယ်လေးတစ်ယောက်သည် လမ်းတစ်ဖက်ရှိ ကော်ဖီဆိုင်ထဲသို့ တန်းတန်းမတ်မတ် ၀င်ရောက်သွားပြီး ဆိုင်ထောင့်တစ်နေရာမှာ ထိုင်နေသော လူငယ်လေး တစ်ယောက်ရဲ့ စားပွဲတွင် ၀င်ထိုင်လိုက်လေသည်။


                   သို့ပေမယ့် ထိုစားပွဲမှာ ထိုင်နေတဲ့ လူငယ်လေးကတော့ သူ့အတွေးနဲ့ သူ ခေါင်းကို ငိုက်စိုက်လျက် ထိုင်နေပြီး အနားမှာ လာထိုင်နေသော မိန်းမငယ်လေး နှင့် ကားလမ်း တစ်ဖက်က သွေးစမ်းချောင်းငယ်လေးထဲမှာ အိပ်ပျော်နေတဲ့ မိန်းမလေး တို့ကို သတိပြု မိဟန် မတူပေ .......




ရော့ခ်ကာ ( လင်းရောင်ခြည် )
29.5.2014
21:42 PM

No comments:

Post a Comment