Saturday, July 27, 2013

အမောဖောက်ခြင်း



နေ့တွေ ..... နေ့တွေ.....
မွေးဖွားခြင်း သေဆုံးခြင်း တွေနဲ့
ချစ်ခြင်းမေတ္တာတွေရဲ့ ကြား
အမုန်း အလွမ်း အဆွေး နာကြည်းခြင်း
ကြည်နူး ခြင်း တွေ ရဲ့ကြား 
ပြက္ခဒိန်တွေကို ကုန်လွန်စေတယ်
နေ၀င် နေထွက် ဖြစ်စေတယ်
အိုမင်းရင့်ရော် မှုကို ဖြစ်ပေါ်စေတယ်

လေပြေတိုက်တိုင်း ငါ ငေးကြည့်မိတယ်
ဟိုးကောင်းကင်ပေါ်က တိမ်လွှာတွေကို
သူတို့လည်း သူတို့ ဘ၀နဲ့သူတို့ ခရီးနှင်နေကြတယ်
သူတို့ အလုပ်ကို သူတို့ လုပ်နေကြတယ်
မဆီမဆိုင် ........
လမ်းတွေပေါ်ကို ငါ ပြန်ကြည့်တော့
ဇော ဆိုတဲ့ စကားလုံးကို ငါ ရှာတွေ့ခဲ့တယ်

တစ်ခါတလေမှာ ငါတို့ ဟာသတွေကို နားဆင်ကြတယ်
တခဏတာ ရယ်မော မိကြတယ်
ပင်ပန်းမှု ဒဏ်တွေကို အပန်းဖြေကြတယ်
သို့သော် .........
လူတွေ ပင်ပန်းနေကြတာ သမိုင်း နဲ့ ချီကြတယ်
ရာစုနဲ့ ချီတယ် 

လက်တွေ့ကျတဲ့ အရာတွေ
လက်တွေ့မကျတဲ့ အရာတွေ
ကိုင်တွယ်ထိတွေ့လို့ ရတဲ့ အရာတွေ
ကိုင်တွယ်ခွင့် မရတဲ့ အရာတွေ ရဲ့ကြား
အသက်ကို မှန်မှန် ရှုကြည့်တော့
ဘ၀ဆိုတဲ့ စကားလုံးကို နားလည်လာကြတယ်
ဒါပေမယ့် အပြည့်စုံကို မသိကြသေးဘူး

ဘယ်ကလာတယ်ဆိုတာ မသိတဲ့ ဘဝ
ဘယ်ကို သွားမလဲ ဆိုတာ ရေးဆွဲရတဲ့ ဘဝ
သွားနေရင်း လမ်း ပျောက်တဲ့ ဘ၀ 
လမ်းကြောင်း ပြောင်းတက်တဲ့ ဘဝ
အားလုံး လျှောက်လှမ်းရ တဲ့ ဘ၀ 
ဘ၀ ဘ၀ တွေရဲ့ကြား
ကိုင်တွယ်ကြည့် ခံစားကြည့်
ငါ အသက်ရှုကြည့်တော့

အမောဖောက်လာခဲ့လေတယ်။             ။

ရောခ့်ကာ
12:26
28.7.2013

Photo : www.road wallpaper download com




No comments:

Post a Comment