Thursday, February 28, 2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်နှင့် မေးခွန်း ၁၀ ခွန်း။



ယခင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်ဟာ သမ္မတဘုရှ် လက်ထက် မှာ ကျော်ကြားတဲ့ အမေရိကန်အမျိုးသမီးနိုင်ငံရေးသမားများထဲမှာတစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါတယ်။ မစ္စရိုက်စ် ဟာမျိုးရိုးအရလည် လူမည်းသွေးနှောတဲ့ အာဖရိကန်-အမေရိကန် နွယ်ဖွား
တစ်ဦးဖြစ်ပြီး စစ်အေးခေတ် အတွင်း ကြီးပြင်းလာခဲ့သူပီပီ ဆိုဗီယက်ယူနီယံ အကြောင်းလေ့လာကာ ဆိုဗီယက်ရေးရာ ကျွမ်းကျင် သူတစ် ဦး အဖြစ်လည်း လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် မစ္စရိုက်စ်ဟာရာထူးက အနားယူခဲ့ပေမယ့်လည်း အဆင့်မြင့် ထိပ်တန်းသံအမတ်တစ်ဦး ဖြစ်ခဲ့တာမို့ သူမရဲ့ ကမ္ဘာ့ရေးရာအမြင်တွေကလည်း အလေးထားဖွယ်ဖြစ်နေဆဲပါ။ ယခုဖော်ပြလိုက်တာကတော့ တိုင်းမ်မဂ္ဂဇင်းကြီးမှာ ပါဝင်နေကျဖြစ်တဲ့ မေးခွန်း ၁၀ ခုကဏ္ဍမှ စာဖတ် ပရိသတ်များမေးပြီး မစ္စရိုက်စ် က ဖြေထားတဲ့ အဖြေများပါပဲ။

ဘုရားကျောင်းရယ်၊ အနုပညာရပ်တွေနဲ့နီးစပ်တဲ့မိသားစုနောက်ခံကလာတဲ့ အလာစကာပြည်နယ် ဘာမင်ဂမ်က အာဖရိကန်-အမေရိကန်အမျိုးသမီးတစ်ဦးဟာ ဆိုဗီယက်ယူနီယံရေးရာကျွမ်းကျင်သူတစ်ဦး ဘယ်လိုဖြစ်လာတာပါလဲ။
ကာစတန်ကာဇေး၊ဘတ်ဟွန်းနတ် (ဂျာမနီ)

ကျွန်မဘယ်သူဆိုတာကို သိနားလည်ဖို့ ဒီနေ့ကျွန်မ ဘယ်လိုဖြစ်လာတယ်ဆိုတာ သိနားလည်ဖို့ အရင်ဆုံးကျွန်မ မိဘတွေဖြစ်တဲ့ဂျွန်နဲ့ အန်ဂျယ်လီနာရိုက်စ်တို့ကိုသိထားရပါမယ်။ ကျွန်မ ငယ်ငယ်က အဖေနဲ့ အမေ့ကို ကျွန်မတော့ဆိုဗီယက်ရေးရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ချင်တယ်လို့ပြောတော့ သူတို့က ကြိုးစားလေ သမီးတဲ့။ ဒီဇာတ်လမ်းလေးကတော့ လူမျိုးနဲ့ လိင်ကွဲပြားမှု အကန့်အသတ်တွေရှိတယ်ဆိုတာ မယုံကြည်ခဲ့တဲ့မိန်းကလေးတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကိုဖြေရှင်းနိုင်မယ့် လက်တွေ့ကျတဲ့ကာလရှည်ဖြေရှင်းချက်တစ်ခုများရှိပါသလား။
ဒေးဗီးစ်(ကယ်လီဖိုးနီးယား)

ပြဿနာဖြေရှင်းချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နှစ်နိုင်ငံ ဖြေရှင်းချက် two-state solution ဆိုတဲ့တစ်ခုတည်းသောဖြေရှင်းနည်းပါ။ ဒီအချက်အရ ပါလက်စတိုင်းတွေလည်း သူတို့ဘာသာသူတို့ အုပ်ချုပ်နိုင်တဲ့ ပါလက်စတိုင်းနိုင်ငံ တစ်ခုရှိသွားပြီး အဲဒီနိုင်ငံဟာ အစ္စရေးနဲ့ ဘေးချင်းကပ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းမှုရှိရှိနေသွားနိုင်ဖို့ပါ။

အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်မှုမှာ အီရန်ဟာ အနိုင်ရသူဖြစ်ခဲ့တယ်ဆိုတာကို ဘယ်အချက်နဲ့ ပြောနိုင်ပါသလဲ။
လင်ဒန်ရစ်ချတ်၊ မီးလ်ပစ်တတ်စ်(ကယ်လီဖိုးနီးယား)

အီရန်တွေက သူတို့ကိုယ်သူတို့အောင်နိုင်သူတွေလို့ မမြင်ကြဘူးလို့ကျွန်မထင်ပါတယ်။ အီရတ်ဟာ အီရန်သြဇာလွှမ်းမိုးမှုကို ကာကွယ်
ထားတဲ့ ကတုတ်ကျင်းတစ်ခုဖြစ်နေဆဲပါ။ အကြောင်းကတော့ အီရတ်တွေဟာ အာရပ်လူမျိုးတွေဖြစ်ပြီး သူတို့မှာ အီရန်တွေအပေါ် ယုံကြည်မှုတကယ်မရှိကြဘူး။ ဒါ့အပြင် အီရန်ဟာပြည်တွင်းမှာ အပြောင်းအလဲအတွက်ဖိအားပေးနေတဲ့ လူထုရဲ့အပူရှိန်ကိုလည်း ခံစားနေရပါတယ်။

အစိုးရအဖွဲ့ထဲ ပါခဲ့တဲ့လူကြီးမင်းရဲ့အချိန်တွေအတွက် နောင်တရတာတွေများ ရှိပါသလား။
ရော်ဘီဒန်ဂျူ၊ ပလာနို(တက္ကဆတ်)
ရှင်တို့လည်း သိပ်ရှုပ်ထွေးတဲ့ကာလတစ်ခုထဲ ရောက်နေရင်ကျွန်မတို့လိုပဲ၊ နောက်ဆိုပိုကောင်းအောင်လုပ်နိုင်မယ့် ကိစ္စတွေအများကြီးကြုံရမှာပါ။ အီရတ်မှာဆို ဆက်ဒမ်ဟူစိန်ကို နောက်တစ်ကြိမ် ကျွန်မဖြုတ်ချချင်တယ်။သူဟာ ဒီဒေသရဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အီရတ်ကို အပြင်ဘက်ကနေပဲ တည်ဆောက်ပေးဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

တီးပါတီ (Tea Party) နဲ့ပတ်သက်လို့ လူကြီးမင်းရဲ့ အမြင်တွေဘယ်လိုရှိပါသလဲ။
မာစီယာဖတ်စ်မင်း၊ မီဒီးယား(ပင်ဆယ်ဗေးနီးယား)
တီးပါတီနာမည်နဲ့ ပြောကြသမျှအရာရာတိုင်းကိုတော့ ကျွန်မသဘောမတူပါဘူး။ ဒါပေမဲ့ အမေရိကန်လူမျိုးတွေဟာ ဒီနည်းနဲ့စုစည်းသင့်ပါတယ်။ သူတို့က နိုင်ငံရေးမှာ ကျွန်မတို့ ပြည်သူတွေကို ကိုယ်စားပြုနေတဲ့သူတွေဟာ သာမန်အမေရိကန် လူမျိုးတွေလုပ်နေသလို ဆွေးနွေးပြောဆိုနေကြတာထဲ ပါဝင်ပြီး ပိုကောင်း၊ ပိုသင့်တော်တယ်ဆိုတဲ့ အမှာစကားမက်ဆေ့ခ်ျ ၀ါရှင်တန်ကို ပို့နေတယ်လေ။ ဒါသိပ်ကောင်းတယ်လို့ ကျွန်မထင်ပါတယ်။

အာဖရိကမှာရှိတဲ့ ဒီမိုကရေစီရဲ့အခြေအနေကို လူကြီးမင်း ဘယ်လိုအကဲဖြတ်ချင်ပါသလဲ။
ချင်မက်ဇီဘွန်နီဘီလန်မာ၊ဒါဘန် (တောင်အာဖရိက)
ခုဆို အာဖရိကမှာ ခေါင်းဆောင်မှုကောင်းကောင်း ရှိနေပါ ပြီ။ ဒါဟာ ဆယ်စုနှစ်တစ်စုစာတောင်မကတော့ပါဘူး။ တန်ဇန်နီးယား၊ ဘော့စ၀ါနာနဲ့ မာလီတို့လိုနေရာမျိုးတွေမှာ ဒီမိုကရေစီစနစ်တွေ ကောင်းကောင်းအလုပ်လုပ်နေပြီး ခေါင်းဆောင်တွေဟာလည်း အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းဖို့ သင်ယူခဲ့ကြပြီးပြီ။ နိုင်ငံကြီးတွေဖြစ်တဲ့ တောင်အာဖရိကနဲ့နိုင်ဂျီးရီးယားတို့ကလည်း ဒီလမ်းကြောင်းကိုလိုက်ပြီး အစိုးရအုပ်ချုပ်ရေး ပိုကောင်းလာမယ်ဆိုရင် ဒါဟာသူတို့အတွက် အထောက်အကူ ဖြစ်မှာပါ။

နယူးယောက်မြို့တော်က ၉/၁၁တိုက်ခိုက်ခံရမှုနေရာ Ground Zero အနီးမှာ ဆောက်လုပ်မယ့်ဗလီဝတ်ကျောင်းနဲ့ ပတ်သက်လို့လူကြီးမင်း ဘယ်လိုထင်မြင်မိပါသလဲ။
ဒေးဗစ်ရိုက်စ်၊ ရမ်းစတိန်း(ဂျာမနီ)
လူတိုင်းကတော့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ သည်းခံမှု တရားအကြောင်း နားလည်ကြပါတယ်။ ဒီအမြင်နဲ့ဆိုရင်တော့ ဘယ်ပုဂ္ဂိုလ်မဆိုဟာ ဘယ်နေရာမှာမဆို အဆောက်အအုံ ဆောက်လုပ်ခွင့် ရှိတယ်ဆိုတာ သိက္ခာချတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စက်တင်ဘာ ၁၁ မှာ ဖြစ်ပျက်ခဲ့တာရဲ့ဒဏ်ရာဒဏ်ချက်ကိုတော့ ထည့်တွက်ကြပါ။

စန္ဒရားတီးရင် လူကြီးမင်းအကြိုက်ဆုံးတီးလုံးက ဘာပါလဲ။
အဲလစ်ဆာဂရင်း၊ဖရက်ဒရစ်စဘာ့ဂ်(ဗာဂျီးနီးယား)
ဂီတစာဆို ဘရာဟမ်ရဲ့ Opus 118 သီချင်းရဲ့ ဒုတိယ Inter Mezzo ပါ။ ဒီကမ္ဘာမြေက မထွက်ခွာခင်တော့ သူ့ရဲ့ Second Piano Concerto ကိုတီးနိုင်ဖို့ ကျွန်မမျှော်လင့်ထားပါတယ်။ အဲဒါကိုပိုပြီးကောင်းအောင် တီးနိုင်ဖို့ကျွန်မ ကြိုးစားရပါဦးမယ်။

—Ref: 10 Questions for Condoleezza Rice

7Daynewsjournal မှ ပြန်လည်ဖော်ပြပါသည်။

ရောခ့်ကာ

No comments:

Post a Comment