Sunday, January 13, 2013

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 13 )



အခန်း ( 13 )



ကျွိ ........... ကျွိ ........... ကျွိ ............. ကျလိ .............


                 သစ်ပင်ပေါ်မှ ကျေးငှက်များ၏ အသံကြောင့် မယ်ခ တစ်ယောက် အိပ်ရာမှ နိုးလာခဲ့ လေ သည်။ မျက်လုံးကို ဖွင့် လိုက်လျှင်ပဲ နေမင်းရဲ့ လင်းရောင်ခြည်တို့က မျက်ဝန်းထဲသို့ ကျရောက် လာ လေသည်။ မယ်ခ သည် နိုးသည်ဟု ဆိုလျှင်ပင် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ကြည့်လိုက်လေ ရာ ညက သစ်ကိုင်းခြောက်များဖြင့် ဖိုထားခဲ့သော မီးဖို သည်လည်း လောင်စာများကုန်လျက် အငွေ့ ခပ်ယဲ့ယဲ့သာ ကျန်ရှိလေတော့သည်။

                 မယ်ခ သည် အိပ်ရာမှ ထလိုက်ပြီး စမ်းချောင်းလေးဆီသို့ သွားကာ မျက်နှာသစ်ပြီး ကိုယ် လက် သန့်စင် လိုက် လေသည်။ ထို့နောက် မြင်းများရှိရာ နေရာကို တစ်ချက်ကြည့်လိုက်လေရာ မြင်း များက မနက်ခင်းနဲ့အတူ သူမ ကို ကြိုဆိုလျက် ရှိနေပေသည်။ ထို့နောက် မယ်ခသည် မယ်မြ နှင့် ဘိုးခေါင်းဖြူ အား နှိုးလိုက်ပြီး ခရီးဆက်ဖို့ ပြင်ဆင်ခိုင်းလိုက်လေသည်။

                 သိပ်မကြာမီ အချိန်တွင် မယ်ခ တို့သုံးယောက်သည် ခရီးထွက်ရန် အသင့် ဖြစ်နေသဖြင့် ခရီးစဉ်ကို စောစီး စွာပင် စတင်လိုက်ကြလေသည်။ သူတို့ သုံးဦး ထွက်ခွာလာရာ နေရာမှာတော့ ညက တိုက်ခိုက်သတ်ဖြတ်ခဲ့သော လူသေ ကောင်အလောင်းများအား ညတွင်းကပင် ရှင်းထားကြ သည် မို့ ထင်းမီးဖိုမှ ပြာ များသာလျှင် ကျန်ရစ် နေခဲ့လေသည်။

                 မယ်ခ တို့သုံးယောက်သည် နေ့ဝက်စာမျှ ခရီးနှင်လာခဲ့လေရာ တံငါ ရွာလေးတစ်ရွာသို့ ရောက်ရှိကြလေ သည်။ ထို တံငါ ရွာလေးမှာ သိပ်မကြီးလှသော်လည်း မသေးလှချေ။ အကြောင်း မှာ ကုန်သည်လှည်းတို့ သွားလာရာ လမ်း ပေါ်တွင် တည်ရှိသည်ကာ တစ်ကြောင်း၊ ရွာ အပြင်ဘက် ၌ စီးဆင်းနေသော မြစ်မှ ငါးများ လှိုင်လှိုင် ရနေသည်ကတစ် ကြောင်း ၊ မြစ်ကြောင်းမှနေရ်ျ ပတ် ၀န်း ကျင် နေရာများမှ ကုန်ဝယ်သူတို့ လာရောက်တက်သည်က တစ်ကြောင်း တို့ကြောင့် ထိုရွာ လေးမှာ အနည်းငယ် စည်ကားရ်ျ နေလေသည်။

                  မယ်ခ တို့ သုံးယောက်သည် ထိုရွာလေးသို့ ရောက်လျှင် အစားသောက်များ ရောင်းချ သော ဆိုင်တစ်ဆိုင် သို့ ၀င်လိုက်လေသည်။ ထို ဆိုင်လေးမှာ သိပ်မကျယ်လှသော်လည်း အဆင်ပြေ စွာ တော့ စားသောက်နိုင်လေသည်။ မယ်ခ တို့ သုံးယောက်သည် ဆိုင်တွင်း၌ ၀င်ထိုင်ပြီးသည်နှင့် ဆိုင်ရှင်က ............

အမလေးတို့
ဘာများ သုံးဆောင်ကြမလဲဗျ။

မနက်စာ တစ်ခုခု ပြင်ပေးပါ။
သုံးယောက်စာ အတွက်ပါ။

                  မယ်ခ ရဲ့ စကားဆုံးတော့ ဆိုင်ရှင်သည် ခေါင်းညိတ်ပြကာ စားစရာများကို သွားပြင်လေ သည်။ သိပ်မကြာမီ အချိန်တွင် စားစရာများကို လာချပေးရာ မယ်ခ တို့သုံးယောက်သည် တက် တက် စင် အောင် စားပစ်လိုက်ကြလေသည်။ ထို့နောက် ဘိုးခေါင်းဖြူက .............

ဆိုင်ရှင် .........
ခဏလောက်ပါ။
မေးစရာ ရှိလို့ပါ။

                  ဘိုးခေါင်းဖြူရဲ့ လှမ်းခေါ်သံ နောက်တွင် ဆိုင်ရှင်မှာ စားပွဲနားသို့ ရောက်ရှိလာလေရာ ဘိုးခေါင်းဖြူက .....

ဆိုင်ရှင် ........
ဒီနယ်ဘက်မှာ
တောင်ပေါ်ဆေးဆရာကြီးတစ်ဦး
ရှိတယ်လို့ ကြားမိတယ်။
အဲ့ဒီ ဆေးဆရာကြီးဆီကို
ဘယ်လမ်းက သွားရလဲ
သိလားဗျ။

ဟုတ်ကဲ့ ..........
ဆေးဆရာကြီးကို သိတာပေါ့ဗျာ။
ကျုပ် သမီးလေး နေမကောင်းတုန်းက
ကျုပ် သွားပြတာ တစ်ရက်အတွင်း
နေကောင်းသွားတာ။
နောင်ကြီးတို့ သူ့ဆီကို သွားချင်ရင်
ရွာ နောက်ပိုင်းကို ထွက်လိုက်ဗျာ။
အဲ့မှာ ကတို့ တစ်စီးရှိလိမ့်မယ်။
အဲ့ဒီ ကတို့ နဲ့ ဟိုဘက်ကမ်းကို
ကူးသွားပြီး လှည်းလမ်းအတိုင်း ဆက်သွားရင်
တစ်ရက် အကြာမှာ ရောက်ပါလိမ့်မယ်။
အဲ့ ...... ဒါပေမယ့်........
ကတို့က သေးတယ်ဗျ။
နောင်ကြီးတို့ လှည်းကို တင်နိုင်မယ်
မထင်ဘူးဗျ။

ဟေ..............
ဟုတ်လား။
ဒါဆို ကုန်သည်လှည်းတွေကျ
ဘယ်လို သွားတုန်းဗျ။

သူတို့လှည်းတွေက
ဒီ ဆိပ်ကနေ မဖြတ်ကြဘူးဗျ
အထက်ဘက် ဆိပ်ကနေ ကူးကြတာ။
အဲ့ဒီဆိပ်ကို သွားရင် တစ်ရက်ကြာတယ်။
နောင်ကြီးတို့ အရေးမကြီးဘူးဆိုရင်တော့
အထက်ကနေ ကူးပေါ့။

                     ဆိုင်ရှင်ရဲ့ စကားဆုံးလေတော့ မယ်ခ က .............

ဒီ ရွာမှာ ဒီလှည်း ၀ယ်နိုင်မယ့်လူ
ရှိ နိုင်မလား။

ဟုတ် .......
ရှိတော့ ရှိပါတယ်။
ဒါပေမယ့် ဈေးကောင်းပေးမှာ
မဟုတ်ဘူးဗျ။

ရပါတယ်။
အကြောင်းမဟုတ်ပါဘူး။

                     ထို့နောက် မယ်ခသည် ဘိုးခေါင်းဖြူအား မျက်ရိပ်ပြလိုက်လေရာ ဘိုးခေါင်းဖြူက စား သောက်ဆိုင် ပိုင်ရှင်ရဲ့ ကူညီမှုဖြင့် လှည်းကို ထိုရွာ၌ပင် ရောင်းချလိုက်ပြီး မြင်းများကို ခရီးဆက်ရန် အသင့် ပြင်ထားလိုက်လေသည်။

                      သို့ဖြင့် ထိုနေ့ နေမွန်းတည့်ချိန်၌ မယ်ခ တို့သုံးယောက်သည် ဆိုင်ရှင်အား စားထား သမျှ ကျသင့်ငွေ တို့ကို ပေးကာ မိမိတို့ရဲ့ ခရီးစဉ်ကို ဆက်လိုက်လေသည်။ လှေ ဆိပ်သို့ ရောက်လေ သော် ကတို့သမားမရှိရ်ျ ခေတ္တမျှ စောင့် လိုက်ပြီး ကတို့ လာလေသော် ဟိုဘက်ကမ်းသို့ ကူးကာ ခရီးစဉ်ကို ဆက်လက်ထွက်ခွာ လာခဲ့ကြလေသည်။


( ဆက်လက်ဖော်ပြပါမည်။)

Rocker77
 
 

No comments:

Post a Comment