Monday, January 7, 2013

ကျွန်တော်ချစ်သောကောင်မလေး။ အပိုင်း ( 1 )



အခန်း( 1 )

မနက်အိပ်ရာမှ ထထခြင်း အခန်းပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ အပြာရောင်ကောင်းကင် ကြီးက ကျွန်တော့် ကို ကြိုဆိုနေပါသည်။ မနက်ခင်း ရဲ့ နုပျိုလတ်ဆတ်တဲ့ လေ ကို ခပ်ပြင်းပြင်းလေး ရှုလိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး လန်းဆန်းသွားသည်။ ထို့နောက် မျက်နှာသစ်ရေချိုးရန် ကျွန်တော် အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။ လှေခါးဆုံးနားသို့ရောက်သည်နှင့် တပြိုင်နက် ဒေါ်လေးရဲ့ ဆီးကြိုသံက ကျွန်တော် ဆီသို့ ရောက်လာခဲ့ ပါသည်။

ဟဲ့ စောစောစီးစီး ထလို့ပါလား၊ ငါတော့ ဒီနေ့ ထီ သွားထိုးအုံးမှနဲ့တူတယ်။ ဧကန်န ဘယ် သွားမလို့တုန်း၊ စားမေးပွဲက မနေ့ကမှ ပြီးတာ ဒီနေ့ အပြင်ထွက်လည်မလို့လား။ နဲနဲပါးပါး နားပါအုံးလားဟဲ့
ကျွန်တော် ဒေါ်လေးကို ဘာမှ ပြန်မပြောပဲ ပြုံးရုံသာပြုံးပြပြီး ရေချိုးခန်းသို့ ၀င်ကာ မျက်နှာသစ်ရေချိုးလိုက်ပါသည်။ ထို့နောက်မနက်စာစားရန် စားပွဲတွင် ထိုင်လိုက်ပါသည်။ဒေါ်လေးက ကျွန်တော့်ကို
ဒါက ဘယ်ကိုတုန်း
ဟု မေးကာ ကော်ဖီတစ်ခွက်လာချပေးပါသည်။ ကျွန်တော် ဒေါ်လေးဆီမှ ကော်ဖီခွက်ကို ယူလိုက်ပြီး..
သူငယ်ချင်းတွေဆီကို သွားမလို့ပါ ဒေါ်လေးရဲ့ ၊ ညနေမှပဲ အေးဆေးပြန်လာခဲ့မယ်။
စကားဆုံးသည်နှင့် ကျွန်တော် ကော်ဖီ နှင့် မုန့် ကို စားသောက်လိုက်ပါသည်။ ဒေါ်လေးက
နင်သိပ်မိုးမချုပ်စေနဲ့နော်။ စောစောပြန်လာခဲ့ ၊ နင့်ဦးလေးက နင့် ကို မတွေ့တာနဲ့ မေးနေတာ။
ဟုတ်ကဲ့ပါ ဒေါ်လေးရဲ့ စောစောပြန်လာမှာပါ။
ပြောပြောဆိုဆိုပင် ကျွန်တော်သည် ဒေါ်လေးကို နှုတ်ဆက်ကာ အိမ်အပြင်သို့ ထွက်လာခဲ့ပါသည်။

အခန်း ( 2 )
ဟေ့ ကောင် စောစောစီးစီးပါလား
ကျွန်တော်ကိုမြင်တာနဲ့ ခရီးဦးကြိုပြုနေတဲ့ ကျွန်တော့် သူငယ်ချင်း အောင်မင်း ရဲ့ အသံပင် ဖြစ်ပါသည်။
အေး - အိမ်မှာနေရတာ ပျင်းတာနဲ့ ထွက်လာတာ။ မင်း နဲ့ ဂစ်တာ တီးမလားလို့ စဉ်းစားပြီးလာခဲ့တာပဲ
ကျွန်တော်သည် ပြောပြောဆိုဆိုပင် ဧည့်ခန်း ခုံတွင် ၀င်ထိုင်လိုက်ပါသည်။ အောင်မင်း က
မင်းလာတာ အတော်ပဲ၊ မင်းကို ပြောစရာ ရှိနေတာ။ ခဏနေဦး ငါ ဂစ်တာသွားယူ လိုက်အုံးမယ်
ဟု ဆိုကာ သူ့ အခန်းဆီသို့ ထွက်သွားပါသည်။ အောင်မင်းနဲ့ ကျွန်တော်က ငယ်ပေါင်းများ ဖြစ်ကြပြီး တစ်ယောက်အကြောင်းတစ်ယောက် ညက်ညော နေကြသူများ ဖြစ်ပါသည်။ ကျွန်တော် တို့သည် ကျောင်းတွင်လည်း အတန်းဖော်များဖြစ်ကြသလို၊ ဘောလုံးကန်ဖော် ကန်ဖက် ၊ ဂစ်တာ တီးဖော် တီးဖက်များလည်း ဖြစ်ကြပါသည်။ ခဏနေတော့ အောင်မင်းက ဂစ်နှစ်လုံးကို ကိုင်ကာ ပြန်ထွက်လာပြီး
လာ - ခြံထဲ သွားကြမယ်။
ဟုဆိုပြီး ရှေ့မှ ဆက်လျှောက်သွားပါသည်။ အောင်မင်းတို့ အိမ်သည် သိပ်မကျယ်လှသော်လည်း ကျွန်တော်တို့ အတွက် ဂစ်တာတီးရန် အဆင်ပြေလှပါသည်။ အိမ်ရှေ့တွင် အရိပ်ကောင်းသော ခရေပင်ကြီး ရှိနေပြီး ထိုအပင်အောက်တွင် ကွတ်ပစ် တစ်ခုရှိသောကြောင့် ကျွန်တော်တို့ အတွက် အဆင်ပြေလှသည်။ ခြံထဲသို့ရောက်လျှင် အောင်မင်းက
ရော့ - မင်း ဂစ်တာ၊ ကြိုးတော့ ပြန်ညှိ လိုက်အုံး
ဟု ဆိုကာ ကျွန်တော့်ကို လှမ်းပေးလိုက်ပါသည်။ ကျွန်တော်က ဂစ်တာကို ယူပြီးသည်နှင့်တပြိုင်နက် အောင်မင်း နဲ့ ကျွန်တော်က ဂစ်တာ နှစ်လုံးအား အသံတူစေရန် ကြိုးညှိလိုက်ကြသည်။ ထို့နောက်တွင် ကျွန်တော်က
မင်း ဘာပြောမလို့လဲ။ ဘာလဲ ညနေ ဘောလုံးသွားကန်မယ်လို့ ပြောမလို့ မဟုတ်လား။
ဟု ကျွန်တော် ခပ်တည်တည်ပင်မေးချလိုက်သည်။ ထိုအခါ အောင်မင်းက
ဘောလုံးက တော့ ထုံးစံအတိုင်း သွားကန်ကြတာပေါ့ကွာ၊ ဒါပေမယ့် ငါပြောမှာ အဲဒါမဟုတ်ဘူးဟ
ကျွန်တော့်ရဲ့ မှန်ချက်က ကွက်တိကို လွဲသွားပါသည်။ ဒါကြောင့် ကျွန်တော် ကပဲ
ကဲ - ပြောစမ်းပါအုံး ၊ မင်း ဘယ်ကောင်မလေးကို ရည်းစား စာသွားပေးမလို့လဲ။ ငါ့ ကိုရေး ခိုင်းရင်တော့ ကြေးကြီးတာသိတယ်နော်။
ဟု အရွှန်းဖောက်လိုက်သည်။ အောင်မင်းက
မင်းက တော့ တောက်လျှောက်ကို လွဲနေတာပဲ။ အဲဒါလည်း မဟုတ်ဘူး။ တော်တော့ ငါ ပြောပြမယ်။
မင်း တရုတ်ကြီး တို့ သိတယ်မဟုတ်လား။
မြင်ဖူးတယ်လေ၊ ဘာလို့တုန်။
သူ့ အဖေက ဘာအလုပ်လုပ်လဲကော သိလား။
ဒါမေးစရာလားကွ ။ သူတို့အိမ်က အငှားတွေ ထောင်ထားတာ တစ်ရပ်ကွက်လုံးသိနေတာကို
အောင်မင်း အရစ်ရှည်နေသဖြင့် ကျွန်တော် ဘုဆတ်ဆတ် ပြန်ပြောချလိုက်ပါသည်။ အောင်မင်းက ဆက်ပြီး
အေး - ငါ ပြောချင်တဲ့ နေရာကို ရောက်လာပြီ။ မင်းမဆိုးဘူး။ ခေါ်တဲ့ဆီကိုတော့ ရောက်လာသားပဲ
ဟု ကျွန်တော့်ကို ပြန်ပြီး ရိတိတိ လုပ်နေသည်။ ကျွန်တော်က
ဟေ့ ကောင် ဈေးကိုင်မနေနဲ့၊ ပြောချင်လည်းပြော မပြောချင်လည်းနေတော့ ငါ ဂစ်တာတီးတော့မယ်
ကျွန်တော် စိတ်မရှည် သံ ဖြင့်ပြန်ပြောတော့ အောင်မင်းက
မင်းကလဲကွာ ၊ ငါပြောမှာပါဟ ၊ ဒီလိုဟေ့ ၊ တရုတ်ကြီးတို့ အိမ်က ကားတွေ ထောင်ထားတယ်။ ဒါက သူတို့ အိမ်ရဲ့ ပင်မ စီးပွားရေးပဲ ၊ အဲ နောက်ပြီး တရုတ်ကြီး အဖေက နောက်ထပ် အလုပ်တစ်ခု လုပ်နေသေးတယ်။
ဟုတ်လား ဘာအလုပ်လဲ
ကျွန်တော် စကားဝင်ထောက်ပေးလိုက်ပါသည်။ အောင်မင်းက ဆက်ပြီး
တရုတ်ကြီး အဖေ က အပျော်တမ်း တီဝိုင်းတစ်ခုမှာ ကီးဘုတ် တီးတယ်လေ။ တီးဝိုင်းရဲ့ ခေါင်းဆောင်က လည်း သူပဲ။
အဲဒီတော့........
တရုတ်ကြီးကပြောတယ်။ သူ့ အဖေ တီးဝိုင်းမှာ အရင်တီးနေတဲ့ ဂစ်တာသမားက မရှိတော့လို့လဲ။ အဲဒါ ငါတို့ကို လာတီးပေးပါလားတဲ့ ၊ အထူးသဖြင့် မင်းကိုပေါ့ ၊ မင်းက ငါ့ထက် ပိုတော်တယ်မဟုတ်လား ၊ ဟဲ ဟဲ ...
အောင်မင်းက ပြောရင်းနဲ့ ဖောက်လိုက်သေးသည်။
ဒီနေ့ ငါတို့ ဘောလုံးကန်မယ့်နေရာကို တရုတ်ကြီး လာလိမ့်မယ်။ မင်း နဲ့ တွေ့ရင်လည်း ပြောမယ်လို့ ငါ့ ကိုပြောထားသေးတယ်။
အောင်မင်းရဲ့ စကားဆုံးတာနဲ့ ကျွန်တော်က
ဟေ့ ကောင် ၊ ကြည့်လည်း လုပ်ပါအုံး ၊ ငါတို့ က ဘယ်မှာ မှ သွားတီးဖူးတာလဲ မဟုတ်ပဲနဲ့ ၊ ပြီးတော့ ငါတို့က ၀ါသနာ ရှင် အဆင့်ပဲ ရှိသေးတာ ၊ ဖြစ်မယ်မထင်ပါဘူးကွာ။
ထို အခါ အောင်မင်းက
မင်းကလည်း စစ်မတိုက်ရသေးဘူး ၊ မြှားကုန်နေပြီ ၊ အပျော်တမ်း တီးဝိုင်းပါဆို ၊ ဘယ်က ပညာရှင် ပါမှာ တုန်းဟ၊ မင်းအနေထားနဲ့ဆို ဖြစ်ပါတယ်ဟ ၊ နောက်ပြီး လိဒ် သမား သပ်သပ် ခေါ်ထားသေးတယ်လည်း ပြောတယ်။ ငါ တို့ က ရစ်သန် လောက်ပဲ တီးပေးရမှာတဲ့ ၊ သိပ်လည်း စိုးရိမ်မနေပါနဲ့ ။ လုပ်စမ်းပါ၊ ဖြစ်ပါတယ်.။ အတွေ့ကြုံတောင် ရသေးတယ်။
အောင်မင်းပြောတာကို နားထောင်ကြည့်တော့လည်း ဟုတ်သလိုလိုပင်
အေးပါကွာ၊ တရုတ်ကြီး နဲ့ တွေ့တော့ ပြောကြည့်တာပေါ့ ၊ အဆင်ပြေတော့ လည်း တီးတာပေါ့ကွာ၊ ကဲ - ခု စလိုက်ရအောင်...
ကျွန်တော့် စကားဆုံးတာနဲ့ ကျွန်တော် အထာကိုညက်နေသော အောင်မင်းက 1 2 3 4 တိုင်ပင် စခေါ်ကာ ကျွန်တော်တို့ရဲ့ ဂစ်တာတီးခြင်း အလုပ်ကို စတင်လိုက်ပါသည်။ ထိုနေ့ ညနေက တရုတ်ကြီးနဲ့ ကျွန်တော် တို့ ဆုံဖြစ်ကြတော့ သေချာမေးကြည့်ပြီး ဂစ်တာတီးပေးဖို့ ကျွန်တော် သဘောတူလိုက်လေသည်။


( ဆက်လက်ဖော်ပြပေးပါမည်။)


Rocker77

No comments:

Post a Comment