Tuesday, January 22, 2013
တရုတ်ပြည် ရှေးဟောင်းသမိုင်း ။ အပိုင်း ( 1 )
ယခုခေတ် တရုတ်ပြည်မှာ စတုရန်းမိုင် လေးသန်းခွဲခန့် ရှိမည်ဟု ခန့်မှန်းရသဖြင့် အာရှ တိုက် တစ်တိုက်လုံး ၏ လေးစိတ်တစ်စိတ်စာမျှ ရှိနိုင်ပေသည်။ သို့သော် ထို တစ်စိတ်လုံးမှာ တရုတ်ပြည် မဟုတ် ပေ။ တရုတ် ယဉ်ကျေးမှု လွှမ်းမိုးသော တရုတ် အုပ်ချုပ်ရေး သြဇာ ပျံ့နှံ့ ရာနေရာများသာ ဖြစ်လေ သည်။ တရုတ် နိုင်ငံ မှာ ဂရိတ် ဝေါလ် တံတိုင်းကြီး၏ တောင်ဘက်ရှိ ပြည်နယ် ( 18 ) ဖြစ်ရ်ျ အထက် ဖော်ပြပါ ဧရိယာ၏ သုံးပုံ တစ်ပုံသာ ရှိလေသည်။
                             တရုတ်နိုင်ငံ၏ မြောက်ဘက်တွင် မွန်ဂိုလီးယား၏ ဂိုဘီ သဲကန္တာရရှိပြီး အနောက်ဘက် နှင့် အနောက်တောင်ဘက်တွင် တိဗက်ကုန်းပြင်မြင့် ရှိကာ ထို ကုန်းမြင့်တောင်တန်းများသည် အရှေ့ တောင် ဘက် သို့ စွန်းထွက်လျက် ရှိနေပြီး အရှေ့နှင့် အရှေ့တောင်ဘက်တွင်မူ ပင်လယ်ပြင် ဖြစ်လေသည်။ ထိုသို့ သဘာဝခံတပ်များ ကာရံထားသော တရုတ်နိုင်ငံတွင် ယဉ်ကျေးမှု ထွန်းကားရန် အချက်ချာ ဒေသများ ဖြစ်နိုင် သည့် မြစ်ဝါမြစ် တလျှောက်နှင့် ယန်စီ မြစ်ဝှမ်းအပြင် တောင်ပိုင်းပြည်နယ်များ ဟူရ်ျ သုံးပိုင်း ပါရှိ လေ သည်။
                             ခေတ်ဦးရာဇ၀င်တို့ သိရှိနိုင်ရန် ထုံးစံအတိုင်း ခက်ခဲသော်လည်း တရုတ်ပြည်တွင် ( 10 ) ရာစု ဘီစီ မှစရ်ျ မင်းမိန့်ဖြင့် နန်းတွင်းမှတ်တမ်းများကို နှစ်စဉ် ရေးသားထားခဲ့သောကြောင့် ၄င်းတို့မှ ရာဇ၀င် အထောက် အထားများစွာကို သိရှိရလေသည်။ ထို နန်းတွင်းမှတ်တမ်းများကြောင့်လည်း တရုတ်ရာဇ၀င်၏ အဖြစ်ပျက်တို့ကို        ( 842 ) ဘီစီ နောက်ပိုင်းတွင် ရက်စွဲနှင့်တကွ မှန်ကန်တိကျအောင် သိရခဲ့လေသည်။ ထို့အပြင် ကျေနပ်လက်ခံဖွယ် ပြည့်စုံသော တရုတ်ရာဇ၀င်ကျမ်း အစောင်စောင်လည်း ပေါ်ပေါက်ခဲ့ပြန် သေးသည်။ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ် သည် ထိုရာဇ၀င်ကျမ်းများကို ပြင်ဆင်မွမ်းမံ တည်းဖြတ်လျှက်    ရှုကင်းခေါ် ရာဇ၀င်ကျမ်းကြီးတစ်စောင်ကို ပြုစု ခဲ့ပြန်သေးသည်။ တဖန် ( 2 ) ရာစု ဘီစီ တွင် စူမာချင်သည် စံထား လောက်သော ရာဇ၀င်ကျမ်းတစ်စောင်ကို ပြုစုပြန်သည်။ သို့သော် ရှေးကျလှသော ကျောက်ခေတ် ယဉ်ကျေးမှုကိုကား ရေးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။
                             ရာဇ၀င်ဆရာတို့သည် ( 1899 ) တွင် ဟောနန်မြောက်ပိုင်း၌ စာရေးသားပါရှိသော အရိုးများနှင့် လိပ်ခွံများကို တွေ့ရှိခဲ့ကြပြန်သည်။ ၄င်းစာများကို လေ့လာဖတ်ရှု့ အောင်မြင်သောအခါ ( 17 ) မှ ( 13 ) ရာစု ဘီစီ အထိ အုပ်စိုးခဲ့သော ယင် မင်းဆက် အကြောင်းကို ရေးသားထားသည်ကို တွေ့ရှိရ လေ သည်။ ထို လိပ်ခွံ စာများသည် ရှေးအကျဆုံး တရုတ် ဘာသာစာပေမှတ်တမ်းများ ဖြစ်သဖြင့် ၄င်းတို့၏ တန်ဖိုး မှာ အထူးပင် မြင့်မားလေသည်။ ၄င်း စာများအရ တရုတ်တို့သည် ထိုမျှ ရှေးကျသော အခါကာလ ကပင် ယခု တရုတ်စာနှင့် မကွာလှသော စာပေ အရေးသား မျိုးကို ရေးတက်လျှက် ရှိနေပြီဖြစ်ကြောင်းကို သိရ သော ကြောင့် တရုတ်တို့၏ ယဉ်ကျေးမှုအဆင့်တန်း မြင့်မားပုံကို ကောင်းစွာ ခန့်မှန်း နိုင်လေသည်။
                             ထို အချိန်က တရုတ် နယ်မြေသစ် ရှာဖွေကြသူများသည် အစုလိုက် အပြုံလိုက် မြစ်ဝါမြစ် ၏ အထက်ပိုင်း နှင့် အနောက်ပိုင်းသို့ တဆင့်တဆင့် တိုးဝင်ပြောင်းရွေ့လာကြလေသည်။ ပတ်ဝန်းကျင် နယ်မြေ များ၌ လူရိုင်းများ ရှိနေသဖြင့် အဆိုပါ တိုင်းသစ်ပြည်သစ် ထူထောင်သူများသည် လက်နက်ကို ထာဝစဉ် ကိုင်စွဲ ထားကြ ရလေသည်။ သို့ဖြင့် နောက်ပိုင်းတွင် ပင်ရင်း နိုင်ငံကြီး၏ အစောင့်အရှောက် မလို သော နိုင်ငံသစ်များ ဖြစ်ရ်ျ လာကြ လေသည်။ သို့သော် ပင်ရင်းနိုင်ငံကြီးများ၏ သြဇာကိုလည်း လုံးဝ သွေဖီ ခြင်းမပြုပဲ ကျေးတော်မျိုး ကျွန်တော်မျိုး များ အဖြစ် ဆက်လက်နေထိုင်ကြလေသည်။ နာမည်အားဖြင့် လက် အောက်ခံဖြစ်သော်လည်း အုပ်ချုပ်သူ နယ်စားတို့သည် များစွာ လွတ်လပ်ကြလေသည်။ ကံကျွေးချစနစ် လည်း ပေါ်ထွန်းခဲ့လေသည်။ ထို ကံကျွေးချစနစ်ကို နောင်အခါ နှစ်ပေါင်း တစ်ထောင်ကျော်လွန်လေမှ သြဇာ ထက်မြက်သော ဧကရာဇ် သျှီတွန်တီက ပြင်းထန်စွာ တိုက်ဖျက်ခဲ့ရ လေသည်။
                              ထို နယ်ပယ်သစ်များအနက် ယခုခေတ် သျှန်စီအရပ် ဝေ တောင်ကြား ဒေသတွင် ထူ ထောင် နေထိုင်ကြသော ချောင် နယ်သစ်မှာ ပတ်ဝန်းကျင်မှ ၀င်ရောက်နှောင့်ယှက်ရန် လွယ်ကူသော ကြောင့် ရန်ကို ကာကွယ် စေခြင်းငှာ အစဉ်အမြဲ သတိပြုနေရလျှက် နောက်ဆုံးတွင် စစ်အင်အား အကောင်း ဆုံး နယ်ကြီး ဖြစ်လာလေသည်။      ( 12 ) ရာစု ဘီစီတွင် ထိုနယ်ကို ထူထောင်ကြပြီး ( 11 ) ရာစု ဘီစီ တွင် ချောင်နယ်စား ဖ ဆိုသူသည် အထက်မင်း ကိုတော်လှန်လိုက်လေသည်။ ၄င်းသည် အထက်မင်းကို သတ်ပြီး ၀ူဝမ် ( စစ်ဘုရင် ) ဟူသော ဘွဲ့ဖြင့် ချောင် မင်းဆက် ကို ထူထောင်ခဲ့လေသည်။ ၀ူဝမ် သည် ဘုရင် ဖြစ်ပြီး နောက် ဟောနန်မြောက်ပိုင်းရှိ ယင် မင်းဆက်၏ မြို့တော်နှင့် အုပ်ချုပ်ရေးဌာနကို ဝေ အရပ်သို့ ပြောင်းလျှက် ယခုခေတ် စီယံဖူ အနီးတွင် ဟောင် ဟုသမုတ်ကာ မြို့တော်သစ်ကို တည်လေသည်။
                              ထို ချောင်မင်းဆက်၌ လူတန်းစား နှစ်ရပ်ကွဲပြားခဲ့ပြီး အောက်တန်းလွှာတွင် လက်မှု ပညာ သည် နှင့် လယ်သမားများ ပါဝင်ပြီး အထက်တန်းလွှာတွင် သူကောင်းများ ပါဝင်လေသည်။ အောက် လွှာ နှင့် အထက်လွှာတို့ သည် ရောနှောဆက်ဆံခြင်း မရှိခဲ့ကြပေ။ အထက်တန်းလွှာ လူတို့မှာ မျိုးရိုးကြောင့် သော် လည်းကောင်း ၊ ရာထူး ကြောင့် သော်လည်းကောင်း မြေယာများကို ကံကျွေးရလေသည်။ ထို့ကြောင့် မျိုးရိုး အစဉ်အလာကို ပူဇော်ပသခြင်းမှာ တရုတ်လူမျိုးတို့တွင် အရေးပါဆုံး တာဝန်တစ်ရပ် ဖြစ်လာ လေ သည်။ ဘိုးဘွား မိဘ ပူဇော်ခြင်းတာဝန်ကို မပျက်စေရန် အိမ်ထောင်မပြုမနေပြု ခြင်း နှင့် သားယောက်ျား လေး မွေးရန်တို့မှာ အရေးပါသော အလေ့ထများ အဖြစ်ဖြင့် ပေါ်ပေါက် လာခဲ့လေသည်။
                              ချောင်မင်းဆက် လက်ထက် ( 10 ) ဆက်မြောက်ဘုရင် လီ ဘုရင် လက်ထက် ၊ ( 842 ) ဘီစီ တွင် နန်းတွင်းပုန်ကန်မှုကြီး ပေါ်ပေါက်ခဲ့လေသည်။ ချီ ၊ ကျိန်  နှင့် ချင် နယ်စားကြီးများသည် ဧကရာဇ် ကို အမည်အား ဖြင့်သာ လေးစားခြင်းရှိကြပြီး စင်စစ် လွတ်လပ်စွာ ကိုယ်ပိုင် စိုးစံ နေကြလေသည်။ ထို့အပြင် ၄င်း နယ်စားကြီးများ သည် အချင်းချင်းလည်း အချိန်မပြတ် စစ်ခင်းနေကြသဖြင့် ပြည်ရွာမငြိမ်မသက် ဖြစ်နေ ခဲ့လေသည်။ ချင် နယ်စားသည် ထို ခေတ်က တန်ခိုးသြဇာ အကြီးဆုံးဖြစ်သဖြင့် ကျန်နယ်ကလေးများက စုပေါင်းပြီး ချင် ကိုစစ်ပြုကြ လေသည်။        ( 256 )ဘီစီတွင် ချင်နယ်စားသည် ရန်အပေါင်းကို သုတ်သင် ရှင်းလင်းနိုင်ပြီး ချောင် မင်းဆက်ကိုပါ ဖြုတ်ချကာ ချင် မင်းဆက် ကို ထူထောင်လေသည်။
( ဆက်လက် ဖော်ပြပါမည်။ )
စာကိုး ............. ခေတ်ဟောင်းရာဇ၀င် ( ဒေါက်တာ သန်းထွန်း )
Rocker77
No comments:
Post a Comment