Saturday, January 12, 2013

ငါ့ သွေး ငါ့ မြေ ငါ့ အရည်သွေး။ အပိုင်း ( 8 )



အခန်း ( 8 )

              တစ်နေကုန်ခရီးပန်းလာကြသည်မို့ မောမောပန်းပန်းနှင့် အိပ်စက်ခဲ့ကြလေရာ နေအတော် မြင့် မှ မယ်ခ တစ်ယောက် အိပ်ရာမှ နိုးလေသည်။ အိပ်ရာမှ ထရ်ျ ရေချိုးပြီးသည်မို့ မယ်ခ တစ် ယောက် နံနက်စာစားရန် တည်းခိုဆောင် အောက်သို့ ဆင်းလာလိုက်လေသည်။ ထို့နောက် စားပွဲ လွတ်တစ်ခုတွင် ထိုင်လိုက်လေသည်။ ထို့နောက် ဆိုင်မှ စားပွဲထိုး လေး ရောက်လာကာ......


အမလေး
ဘာများသုံးဆောင်မလဲဗျ

မနက်စာ တစ်ခုခု ပြင်ပေးပါ။

ဟုတ်ကဲ့
ခဏလေးစောင့်ပေးပါဗျာ။

             ပြောပြောဆိုဆိုပင် စားပွဲထိုးလေးသည် ပြန်ထွက်သွားလိုက်လေသည်။ ထို့နောက် ဆိုင်မှ ဆိုင်ရှင်လူကြီး ရောက် လာကာ ........

တူမကြီး
မင်းရဲ့ အဖော်တွေက
စာပေးထားခဲ့တယ်ကွယ့်

              စကားဆုံး တော့ အိတ်ထဲမှာ စာတစ်စောင်ကို ထုတ်ကာ မယ်ခ ထံသို့ ပေးကာ ပြန်လည် ထွက်သွားလေသည်။ ဆိုင်ရှင် လူကြီးထွက်သွားပြီး သိပ်မကြာမီမှာပင် မယ်ခ အတွက် စားစရာများ ရောက်ရှိလို့ လာလေသည်။ မယ်ခ သည် မနက်စာကို သေချာစွာ စားသောက်လိုက်လေသည်။ ထို့ နောက်တွင်တော့ ရေနွေးကြမ်းကိုငှဲ့ကာ စာ ကို ဖွင့်ဖတ်လိုက်လေ သည်။ စာထဲ၌ မယ်မြ နှင့် ဖိုး ခေါင်းဖြူတို့သည် ပါလာသော ကုန်စည်များကို သွားရောင်းကြကိုရေးထားလေသည်။ ထို့နောက် မယ်ခ သည် ခေတ္တမျှ ထိုင်နေသေးပြီး မြို့တွင်းသို့ လှည့်ပတ်ရန် မိမိရဲ့ အဆောင်ဓါးကို ယူကာ ဆိုင်မှ ထွက်လာခဲ့ လေသည်။

             မယ်ခ သည် မြို့တွင်းသို့ ဟိုဟိုဒီဒီ လျှောက်သွားနေလိုက်ပြီး လူစည်ကားရာ ဈေးတန်းလေး တစ်ခုနား သို့ ရောက်ရှိလာလေသည်။ ထို ဈေးတန်းလေးမှာ မနေ့က မယ်ခ တို့ နောက်ယောင်ခံ လိုက်သော လူရွယ်ပျေက်ကွယ် သွားသော ဈေးတန်းလေး ဖြစ်လေသည်။ မယ်ခ သည် မနေ့က ကိစ္စများကို ပြန်တွေးကာ ဈေးတန်းလေးဆီသို့ ဦးတည်ကာ လာလိုက် လေသည်။

             ထို ဈေးတန်းလေးတွင် လက်မှုပညာပစ္စည်းများ ဖြစ်သော မြေထည်ကြွေထည် တို့ကို ရောင်း ချသော ဆိုင်များ၊ တောင်းများ ဇကော ဇကာများကို ရောင်းချသောဆိုင်များ ၊ ဆန် စပါး နှင့် မုန့် ပဲ သရေ စာများကို ရောင်းချသော ဆိုင်များ၊ ဟင်းခတ်အမွှေးကြိုင်များကို ရောင်းချသော ဆိုင်များ နှင့် ပရဆေးပစ္စည်းများကိုေ၇ာင်းချသောဆိုင်များ အစသဖြင့် ဆိုင်များ စုံလင်သည်ကို တွေ့မြင်ရလေသည်။

              မယ်ခ သည် ဈေးဆိုင်တန်းများကို ငေးမောကာ လမ်းလျှောက်လာရင်း တစ်နေရာ အ ရောက်တွင် လမ်းကျဉ် လေး တစ်ခုကို သတိထားမိလိုက်သည်။ မယ်ခ သည် ထိုလမ်းကျဉ်းလေးအား စိတ်ဝင်စားစွာ ကြည့်ရှု့လိုက်ပြီး လမ်းလေး အတိုင်း လျှောက်လာခဲ့လိုက်သည်။ အတော်ကလေး လျှောက်လာခဲ့လိုက်ရာ လူနေအိမ်များကို ကျော်လွန်သွားပြီး မြို့ပြင် တောအုပ်ငယ်လေး တစ်ခု နား သို့ ရောက်သွားလေသည်။ ထို တောအုပ်လေးမှာ သစ်ပင်မြင့်များအုပ်ဆိုင်းနေပြီး တစ်ပင် နှင့် တစ်ပင် နီးကပ်စွာ ပေါက်နေကြသဖြင့် နေရောင်တို့သည် ဟိုတစ်ကွက် ဒီတစ်ကွက် ဖြင့် ဖြာကျ လျက် ရှိနေပေသည်။ လမ်းကျဉ်းလေးသည် တောအုပ်တွင်း အလယ်တည့်တည့်မှ ဖြတ်သန်းသွားပြီး လမ်း အ ဆုံး ကို မရောက်သေးချေ။

              မယ်ခ သည်လည်း စူးစမ်းလိုစိတ်ဖြင့် တောအုပ်လေးတွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့လေ ရာ တစ်နေရာ အရောက်တွင် အိုဟောင်းပျက်ယွင်းနေသော လူနေအိမ်တစ်ခုကို ခပ်လှမ်းလှမ်းမှ ထူး ဆန်းစွာ တွေ့မြင်ရလေသည်။ မယ်ခ သည် ထို အိမ်ပျက်ကြီးအား စူးစမ်းလိုခြင်းငှာ အနီးသို့ ဆက် လက် သွားရောက် ကြည့်ရှု့လိုက်လေသည်။ မယ်ခ တစ်ယောက် ထို အိမ်ပျက်ကြီးနား မလှမ်း မကမ်း အကွာဝေးသို့ ရောက်လေရာ ဘယ်က လှမ်းပစ်လိုက်မှန်းမသိသော လက်နက်ပုန်း သုံးခု ဆင့်ကဲ ဆင့်ကဲေ၇ာက်လာလေသည်။

ဝှစ်...........၀ှစ် ...........၀ှစ်............

               မယ်ခ သည် လက်နက်ပုန်း များအား လှည့်ပတ်ရှောင်လိုက် သော်လည်း လက်နက်ပုန်း တစ် ခုမှာ သူမရဲ့ လက်မောင်းအား ရှပ်ထိ သွားလေသည်။ မယ်ခ သည် လက်မှ ဓါးကို ထုတ်လိုက်ပြီး ရန်သူ ကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်လေ သည်။ သို့သော် မယ်ခ သည် တစ်ဦးတစ်ယောက်ကိုမျှ တွေ့မြင် ရခြင်း မရှိချေ။ ထို့နောက်မယ်ခ က........

ဘယ်သူတုန်းဟေ့
လက်နက်ပုန်းနဲ့
ခိုးချောင်ခိုးဝှက်ပစ်တာ
သတ္တိရှိရင် ပုန်းမနေနဲ့
အခု ထွက်လာခဲ့.......

               မယ်ခ သည် စကားဆုံးတော့ ပတ်ဝန်းကျင်ကို အနည်းငယ် သတိပြုကြည့်လိုက် လေသည်။ သို့သော် မည်သည့် အရိပ်ယောင်ကိုမျှ မတွေ့မြင်ရချေ။ မယ်ခ သည် တောအုပ်တွင်းသို့ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်သော်လည်း ဘာမျှ မထူးခြား ပေ။ ထို့နောက် မယ်ခ သည် အိပ်အိုပျက်ကြီးနားသို့ နှစ်လှမ်းသုံးလှမ်း လျှောက်လာပြန်ရာ အိမ်အိုကြီးနား မလှမ်းမကမ်း အရောက်တွင် ခေါင်းထဲ၌ တစ်ချက် မိုက်ခနဲ ဖြစ်သွားလေသည်။ ထို့နောက် နောက်ထပ် ခြေ သုံးလှမ်းလောက် လှမ်း လိုက်ရာ ရုတ်တရက် မျက်ခွံများလေးလံလာလေသည်။ အမြင်အာရုံ များသည်လည်းေ၀၀ါးလာကာ နောက် ဆုံး တွင် မယ်ခ တစ်ယောက် မျက်ဝန်းအိမ်ထဲ၌ အမှောင်ထုက ဖုံးလွှမ်းသွားကာ အရုပ်ကြိုးပြတ် လဲ ကျသွားလေသည်။

***************************************

               အချိန်အားဖြင့် ညနေပိုင်းအချိန်သို့ ရောက်ရှိလို့လာ ခဲ့လေသည်။ နေရာအားဖြင့် လူနေ မြို့ရဲ့ အနောက်ဘက် တောအုပ်ငယ်လေး တစ်ခုတွင် ဖြစ်လေသည်။ အတိကျဆိုရပါမူ မယ်ခ တစ် ယောက် လက်နက်ပုန်းအပစ်ခံရပြီး သတိလစ် သွားသော အိမ်အိုပျက်ကြီးရှိရာ တောအုပ်ငယ် လေး ပင် ဖြစ် လေသည်။

               ထို အိမ်အိုပျက်ကြီးရှိရာ တောအုပ်ဆီသို့ မျက်ခုံးထူထူ၊ နှာတံစင်းစင်း ၊ သမင်မျက်လုံး နှင့် ၀င်းမွတ်သော အသာရည်ရှိသော လူရွယ်တစ်ဦးသည် လက်ထဲ၌ ဓါးကောင်းတစ်လက်ကို ကိုင် ဆောင် လျက် ပုံမှန်လေး လမ်းလျှောက် ၀င် လာလေသည်။ ထို့နောက် လူရွယ်သည် အိမ်အိုပျက် ကြီးနှင့် မလှမ်းမကမ်း နေရာအရောက်တွင် သူ၏ ခြေလှမ်းများကို ရုတ် တရက် ရပ်တန့် လိုက်လေ သည်။ ထို့နောက် လူရွယ်က.........

ဟေ့.................
အမှောင်ထဲကလူတွေ
မိန်းခလေး တစ်ယောက်ကို
ခိုးချောင်ခိုးဝှက် ဖမ်းထားပါလား
မိန်းခလေးကို ထုတ်ပေးမလား
ငါ ၀င်ယူရမလား

               လူရွယ်၏ စကားဆုံးသည်နှင့် တပြိုင်နက် တောအုပ်တွင်းမှ လက်နက်ပုန်းသုံးခု ထွက်ပေါ် လာလေသည်။

ဝှစ် ........... ၀ှစ်........... ၀ှစ်................

               လူရွယ်သည် ပစ်လွှတ်လိုက်သော လက်နက်ပုန်းများကို ပါးနပ်စွာပင် ရှောင်တိမ်း လိုက် လေ သည်။ ထို့နောက် လူရွယ်က ပေါက်ဓါးငယ်သုံးချောင်းကို ထုတ်ကာ အရှေ့ တည့်တည့် ၌ ရှိနေ သော အပင် သုံးပင် ပေါ်သို့ ပစ်လွှတ်လိုက်လေ သည်။  ထို့နောက် သစ်ကိုင်း သစ်ခက် တွေကြားမှ လူသုံးဦး ပြုတ်ကျလာကာ မြေပြင်ပေါ်၌ ငြိမ်သက်သွားကြလေသည်။ ထို့နောက်လူရွယ်က..........

မင်းတို့က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး။
မင်းတို့ရဲ့ ခေါင်းဆောင်ကို ထွက်လာခိုင်းလိုက်။
ငါ သူနဲ့ပဲ စကားပြောမယ်။

                ထို အခိုက် တောအုပ်တွင်းမှ ရုတ်တရက် ရယ်သံ နက်နက်ကြီး တစ်ခု ပေါ်ထွက်လာ လေသည်။

ဟား .......... ဟား .......... ဟား...........
ကြိုဆိုပါတယ် မိတ်ဆွေ
ကျုပ်တို့လို နိမ့်ပါးတဲ့ နေရာကို
မိတ်ဆွေလို အဆင့်မြင့် ပညာရှင် တစ်ယောက်
လာလည်တဲ့အတွက် ၀မ်းသာပါတယ်။

                 ထို လူ ရဲ့ ခပ်နဲ့နဲ့ စကားဆုံးတဲ့နောက် အနက်ရောင် သိုင်းဝတ်စုံ ကို ကျနစွာ ၀တ်ဆင်  ထားသော  အသက် ( 30 ) ခန့်  လူတစ်ဦးသည် လက်မှ ဓါးကို ကိုင်ကာ ထွက်ပေါ်လာလေသည်။ ထို လူက ဆက်ရ်ျ ပင် .........

ကဲ ....... ဒီက မိတ်ဆွေက
ဘာအတွက်ကြောင့်
ကျုပ်တို့ ပိုင်နက်ထဲကို
လာလည်ရတာတုန်းဗျာ။

မိတ်ဆွေ တို့ဆီမှာ ရှိနေတဲ့
မိန်းခလေး တစ်ယောက်ကို
ကျုပ် ပြန်ခေါ်သွားချင်တယ်။

ဟား ဟား ဟား
မိတ်ဆွေက
သူများအိမ်ကိုလည်း လာလည်သေးတယ်။
အိမ်ရှင်ပိုင်တဲ့ ပစ္စည်းကိုလည်း တောင်းသေးတယ်ဆိုတော့
လွန်တယ်လို့ မထင်မိဘူးလား

ဟား ဟား ဟား
အိမ်ရှင်ပိုင်တယ်ဆိုတဲ့ ပစ္စည်းက
ကလိမ်ကျပြီး ယူထားတဲ့ဟာပဲ
မူရင်းပိုင်ရှင်က ပြန်လာတောင်းတာပဲဗျာ
မျှတမှုရှိပါတယ်ဗျ

ကောင်းပြီလေ။
ဒီလို ဆိုတော့လည်း မိတ်ဆွေက
ပိုင်ရှင် စစ်မစစ်ဆိုတာကို တော့
စမ်းသပ်ရမှာပေါ့
ကျုပ်ကို နိုင်ရင်တော့
မိန်းခလေးက မိတ်ဆွေ
ပိုင်ဆိုင်တဲ့ ပစ္စည်းပေါ့ဗျာ။
ရှုံးခဲ့ရင်တော့ အိမ်ရှင် ရဲ့ ပိုင်ဆိုင်မှုပေါ့ဗျာ
မိတ်ဆွေလည်း နောက်ထပ်
ဒီနေရာကို လာခွင့်မရှိတော့ပါဘူး။
ကဲ .... ဘယ်လိုလဲ
မိတ်ဆွေ သဘောတူရဲ့လား

ဒါဆို အိမ်ရှင်ရဲ့ စွမ်းရည်ကို
ကျုပ် ကြည့်ရပါတော့မယ်။

                 ပြောဆိုပြီးကြသည်မို့ နှစ်ဦးစလုံးမှာ ကိုယ်စီ လက်ထဲက ဓါးများကို ဆွဲထုတ်လိုက်ကြ လေ သည်။ ပြီးနောက် သူတို့ရဲ့ တိုက်ကွက်များကို စတင် ပုံဖော်ကြတော့လေသည်။

ယားးးးးးးးးးးးးး
ဝှစ်............
ထန်............

                 နှစ်ဦးသားတိုက်ခိုက်နေကြသော တိုက်ကွက်များသည် လျင်မြန်လွန်းလှ ပေသည်။ အထူးသဖြင့် ၀တ်စုံနက် နှင့် လူရဲ့ တိုက်ကွက်များက ပိုရ်ျ မြန်ဆန်လှပေသည်။ ၀တ်စုံနက်နှင့်လူက ပြေးပြေးလွှားလွှားနှင့် တရစပ် လျင်မြန်စွာ တိုက်ခိုက်နေပေမယ့် လူရွယ်ကတော့ တည်ငြိမ်စွာနဲ့ပင် ပြန်လည် ခုခံနေရင်း အယောင်ပြ တိုက်စစ်ဆင်မှုကိုသာ ပြုလုပ် လျက် ရှိနေပေသည်။ ထိုသို့ ပြုမူ နေခြင်းမှာ လူရွယ်က ၀တ်စုံနက်နှင့် လူရဲ့ တိုက်ကွက်များကို ဟာကွက် ရှာနေခြင်းပင် ဖြစ်လေ သည်။ သို့သော လွယ်တော့ မလွယ်ကူချေ။ ၀တ်စုံနက်နှင့် လူက သိုင်းပညာ အတော်လေးပင် မြင့်မား နေပေသည်။ ထို့နောက် လူရွယ်သည် သတိကြီးစွာဖြင့် ပြန်လည် ခုခံရ်ျ နေပေသည်။

                 သူတို့ နှစ်ဦး ယှဉ်ပြိုင်နေကြရာ အချိန်အတော်လေးပင် ကြာသွားလိုက်သည်။ သို့သော် လည်း တိုက်ပွဲ ရဲ့ အဖြေကတော့ ကွဲပြားခြင်း မရှိသေးချေ။ ထို့နောက် ၀တ်စုံနက်နှင့် လူက တိုက် ကွက် ကို ရုတ်တရက် ပြောင်းလဲ တိုက်စစ် ဆင်လိုက်လေသည်။ ထိုသူက စက်ဝိုင်းပုံ တိုက်ကွက် ကို ထုတ်လိုက်ကာ တစ်ဖက်မှ လူအား အဖက်ဖက်မှ လှည့်ပတ်ကာ တိုက်ခိုက်သော နည်းလမ်း ဖြစ်လေ သည်။ သိုင်းကွက်မှာ ပိုရ်ျ အဆင့်မြင့်လာသည်။ ထို့ကြောင့် လူရွယ်မှာလည်း အစော ပိုင်းထက် သတိ ပိုထားကာ တိုက်စစ်ဆင်လိုက် ၊ ခုခံလိုက်ဖြင့် ပြန်လည် တိုက်ခိုက်နေလေသည်။ အခန့် မသင့် ပါက တဖက်လူ ရဲ့ တိုက်ကွက်အောက်မှာ မိမိရဲ့ အသက် ချုပ်ငြိမ်းသွားနိုင်လေသည်။

                 ထို့နောက်လူရွယ်ကလည်း တိုက်ကွက်ပြောင်းလိုက်ကာ အရှေ့ဘက်သို့သာ စူးစူးစိုက်စိုက် တိုက်ခိုက်နည်းကို ပြန်လည် အသုံးပြုလိုက်လေသည်။ ကျန်အရပ်မျက်နှာများကို ခုခံရုံအဆင့်သာ ပြုလုပ်လေသည်။ အကြောင်းမှာ တဖက်မှ စက်ဝိုင်းပုံ တိုက်ကွက်အား ချိုးဖျက်ပစ်ရန် ဖြစ်လေ သည်။ ၀တ်စုံနက်နှင့် လူကလည်း ပါးနပ်စွာပင် လူရွယ်၏ အရှေ့ဘက်သို့ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက် ဘေးအရပ်မျက်နှာ များမှ တိုက်စစ် ဆင်လိုက်ဖြင့် ပြုလုပ်လျက် ရှိနေလေသည်။

                  ထိုသို့ တိုက်ခိုက်နေကြရင်း ရုတ်တရက်လူရွယ်က တိုက်ကွက်ကို ထပ်ဆင့်ပြောင်းကာ အရှေ့ဘက်သို့ ဟန်ပြ ဓါးဖြင့် ပိုင်းခုတ်လိုက်ပြီး ၀တ်စုံနက်နှင့်လူက မိမိဘေးသို့ အရောက် တစ်ပတ် ကျွမ်းလှည့်ကာ စက်ဝိုင်းပုံ စည်းထဲမှ ရုန်း ထွက် လိုက်ပြီး လေပေါ်မှာပင် ၀တ်စုံနက်နှင့် လူရဲ့ လက် မောင်း တစ်ဖက်ကို ဓါးဖြင့် ရှပ်လှီးလိုက်လေသည်။ ထို့နောက် လေပေါ်မှ ပြန်အကျ မြေပြင်ပေါ်သို့ အရောက်တွင် ၀တ်စုံနက်နှင့် လူရဲ့ ခြေသလုံးကြွက်သားများကို ထပ်မံ လှီးချ လိုက်လေရာ ၀တ်စုံ နက်နှင့် လူသည် ဟန်ချက်ပျက်သွားကာ ယိုင်နဲနဲ ဖြစ်သွားစဉ် လူရွယ်က နောက်ကျော်ဘက်ဆီမှ ကန်ချက် ပြင်းပြင်းကို အသက်သွင်းလိုက်ရာ ၀တ်စုံနက်နှင့် လူမှာ ရှောင်တိမ်းချိန်မရလိုက်ပဲ အနီးရှိ သစ်ပင်နှင့် ဆောင့်မိ ကာ မြေပြင်ပေါ်သို့ မှောက်လျက်ကျလာ လေသည်။ ၀တ်စုံနက်နှင့်လူက ကိုယ် ကို လှိမ့်ကာ ပြန်ထမည်အပြုတွင် လူရွယ်က သူ၏ လည်ပင်းပေါ်သို့ ဓါးကို မိုးထားလိုက်လေရာ ၀တ်စုံ နက်နှင့်လူမှာ အရှုံးပေးလိုက်ရတော့လေသည်။

                   သူတို့နှစ်ဦးရဲ့ တိုက်ပွဲ အဖြေက ရှင်းလင်း သွားခဲ့လေသည်။ ၀တ်စုံနက်နှင့် လူက .........

ကျုပ် ဒီနေရာမှာ
မိတ်ဆွေကိုပဲ ရှုံးဖူးပါတယ်။
မိတ်ဆွေ နိုင်တဲ့ အတွက်
မိန်းခလေးကို ခေါ်သွားနိုင်ပါတယ်။
ဒါနဲ့ .........
ဒီက မိတ်ဆွေရဲ့ နာမည်ကို
သိပါရစေ။

ကျုပ်က လူတော်တစ်ယောက်မဟုတ်ပါဘူး။
မိတ်ဆွေရဲ့ သိုင်းပညာကလည်း
ထိပ်တန်းအဆင့်ပါပဲ။
ကျုပ် လေးစားပါတယ်။
ကံ ရှိသေးရင် ကျုပ်တို့ ထပ်ဆုံကြတာပေါ့။
အခုတော့ အချိန်လင့်နေလို့
ပြန်လိုက်ပါအုံးမယ်။

                      လူရွယ်သည် ပြောဆိုပြီးသည်နှင့် တပြိုက်နက် အိမ်အိုပျက်ကြီးဆီသို့ ၀င်ရောက်ကာ မယ်ခ ကို ထမ်းခေါ် လျက် ပြန်လည်ထွက်လာလေသည်။ ထို့နောက် လေချွှန်သံ တစ်ချက်ပေး လိုက်ရာ တောအုပ်ထဲ၌ ထားခဲ့သော အနက်ရောင် မြင်း တစ်ကောင်သည် သူထံသို့ အပြေးရောက် ရှိလာလေသည်။ ထို့နောက်တွင်တော့ လူရွယ်သည် မယ်ခ ကို မြင်း ကုန်းနှီးပေါ်သို့တင်ကာ သူရဲ့ မြင်းကို ဆွဲလျက် တောအုပ်တွင်းမှ ထွက်ခွာ လာခဲ့လေသည်။ မယ်ခ မှာမူ သတိမရသေးပဲ မေ့မြော လျက်ပင် ရှိနေသေးသည်။ ကောင်းကင်ယံ၌ တစ်နေကုန် ထွန်းလင်းတောက်ပခဲ့သော နေမင်း ကြီးမှာ လည်း တဖြေးဖြေးနှင့် အားဖျော့လာကာ ကွယ်ပျေက်လုနီးပါး ဖြစ်နေပေသည်။

( ဆက်ပါအုံးမည်။ )

Rocker77
 
 

No comments:

Post a Comment