Monday, January 7, 2013

ကျွန်တော်ချစ်သောကောင်မလေး။ အပိုင်း ( 2 )






အခန်း ( 3 )

တိင်း....တောင်

အိမ်ရှေ့ အခန်းတံခါးဆီမှ ဘဲလ် တီးသံ ထွက်ပေါ်လာသဖြင့် ကျွန်တော်သည် ဖတ်လက်စ စာအုပ်ကို လက်မှချကာ တံခါးဖွင့်ရန် အိမ်ရှေ့သို့ ထွက်လာလိုက်ပါသည်။

အော် ... အောင်မင်း ပါလား။ ၀င်လေကွာ ဘာလုပ်နေတာလဲ

ကျွန်တော် တံခါးဖွင့်တော့ မ၀င်းပဲရပ်နေတဲ့ အောင်မင်းကိုတွေ့ရသဖြင့် ကျွန်တော်ပြောလိုက်မိသည်။ အောင်မင်းက

မ၀င်တော့ဘူးကွာ။ အပြင်မှာ တရုတ်ကြီးပါတယ်။ သူ့ အိမ်က ကားယူလာတယ်။ တီးဝိုင်းသွားဖို့ မင်းကို လာခေါ်တာ၊ မင်း အဆင့်သင့် ပဲလား။

အေး... ခနစောင့် ၊ အ၀တ်လဲလိုက်အုံးမယ်

ဟု ပြောပြီး ကျွန်တော် အိမ်ထဲသို့ ပြန်ဝင်လာလိုက်သည်။ ဘီဒို ထဲမှ စိတ်ကြိုက် အ၀တ်တစ်စုံကို ထုတ်ဝတ်လိုက်ပြီး ခပ်လန်းလန်းလေး ပြင်ဆင်လိုက်ကာ အောင်မင်း ၊ တရုတ်ကြီး တို့နဲ့အတူ တီးဝိုင်းသို့ လိုက်ပါခဲ့တော့သည်။ ကျွန်တော် တို့ 3 ယောက် တီးဝိုင်းသို့ရောက်တော့ အတီးသမားတွေမှ အပ ဆိုတဲ့ သူတွေ ဘယ်သူမှ မရောက်ကြသေးတာကို တွေ့ရပါသည်။ တရုတ်ကြီးက

လာ -- ငါမိတ်ဆက်ပေးမယ်
 ဒါက ငါ့အဖေပဲ။ ဒီ ၀ိုင်းရဲ့ ခေါင်းဆောင်ပဲ။ သူကတော့ ဘေ့စ် တီးတာပေါ့။

ဟုဆိုကာ တစ်ယောက်ချင်းကို မိတ်ဆက်ပေးပါသည်။ တရုတ်ကြီးရဲ့ အဖေ ၀ိုင်းဆရာက

အေး.. လာကြ၊ မင်းတို့ကို စောင့်နေတာ။ ငါတို့က အပျော်တမ်း ၀ိုင်းဆိုတော့ မင်းတို့ကို အခကြေးငွေတော့ မပေးနိုင်ဘူး။ ဒါပေမယ့် အတွေ့ကြုံနဲ့ ပညာတော့ ပေးနိုင်ပါတယ်။ ငါတို့ကို လူကြီးတွေဆိုပြီးတော့လည်း ရှိန်မနေကြနဲ့။ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး ပဲ ထားကြ၊ အနုပညာသမားဆိုတာ စိတ်က အဓိကပဲ။ အခက်ခဲ ကြုံရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပေါ့။ ဒါမှ ငါတို့က ကူညီပေးလို့ ရမှာလေ

ဟု အစချီကာ ခရီးဦး ကြိုလေတော့သည်။ ဘေ့စ် တီးတဲ့ လူကလည်း

ဒီ ၀ိုင်းမှာက သူနဲ့ငါက တွဲတီးလာတာ ( 10 ) နှစ်လောက်ရှိပြီ။ ( တီးဝိုင်းဆရာကို လက်ညွှန်ပြလျက် ) ငါတို့က ၀ါသနာ ကြီးတော့ ပျော်ပျော် ပါးပါး ပါပဲ။

ဟု ကျွန်တော်တို့ကို ဆိုပြန်သည်။. ထို့နောက် တီးဝိုင်းဆရာက

ဒီမှာက တနင်္လာ၊ ဗုဒ္ဒဟူး နဲ့ သောကြာ တစ်ပတ်ကို ( 3 ) ရက်လောက်တော့ သီချင်းတိုက်ကြတယ်။ ပွဲတွေက များသောအားဖြင့် စနေ၊ တနင်္ဂနွေ တွေများတယ်လေ. ခနနေရင် ဆိုတဲ့လူတွေ လာကြလိမ့်မယ်။ ခုတော့ ခဏထိုင်ကြအုံးပေါ့ကွာ

ဟုဆိုကာ သူ့တီးဝိုင်းရဲ့ လုပ်ငန်းစဉ်ကိုလည်း ရှင်းပြပါသည်။. ကျွန်တော်က

ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ကို လည်း လိုအပ်တာတွေများ ရှိခဲ့ရင် သွန်သင်ပေးပါ အုံး

ဟု လောကွတ် ပြုလိုက်ပါသည်။ တစ်ခဏကြာတော့ ဆိုတဲ့လူ နှစ်ယောက် သုံးယောက်လောက် ရောက်လာကြတော့ သီချင်းတိုက်တဲ့ အလုပ်ကို စတင် လိုက်ကြပါသည်။


အခန်း ( 4 )
ဒီလိုနဲ့ သီချင်းတိုက်ကြရာ အဆိုရှင်တစ်ယောက်ကို နှစ်ပုဒ် ၊ တစ်ပုဒ်ကို နှစ်ခေါက်စီဖြင့် ကျွန်တော် လေးငါးခြောက်ပုဒ်လောက်တီးပေးလိုက်သည်။ ထိုသို့ သုံးယောက်လောက် သီချင်းတိုက်နေတုန်း နောက်ထပ် အဆိုသမား နှစ်ယောက် ထပ်ရောက်နေလျက်သား ဖြစ်နေပြီဖြစ်သည်။ လေးယောက်မြောက် အဆိုရှင်အလှည့်ရောက်တော့ ကျွန်တော်က သူငယ်ချင်းအောင်မင်းကို လှမ်းခေါ်လိုက်ပြီး
ရော့ .. မင်းလည်း တီး ကြည့်အုံးလေ
ဟုဆိုပြီး ဂစ်တာကို လွှဲပေးလိုက်ပါသည်။ ထို့နောက် ကျွန်တော်သည် သီးချင်းတိုက်တဲ့ အခန်းရဲ့ အပြင်ဆီမှာ ရှိနေတဲ့ ခုံတန်းလေး တွေမှာ ခဏထိုင်နေလိုက်မိပါသည်။ ထို့နောက် တရုတ်ကြီးက ကျွန်တော့် အနားရောက်လာပြီး
ဘယ်လိုလဲ ။ အဆင်ပြေရဲ့လား။
လို့ လှမ်းမေး လိုက်သည်။ ကျွန်တော်က
အေး .. ပြေပါတယ်။ အေးဆေးပါပဲ။
ဟု ပြန်ပြောလိုက်ပြီး တရုတ်ကြီးအား လှမ်းကြည့်လိုက်တော့ လက်ထဲတွင် သီချင်း နုတ် ( Note ) စာရွက်များဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ရပါတယ်။ ထို့နောက်တွင်တော့ တရုတ်ကြီး
ငါကွာ ။ ဟိုနေ့ကပဲ သီချင်းတစ်ပုဒ် စာရွက်ထားခဲ့ပါတယ်။ ခု ပြန်မတွေ့ဘူးဖြစ်နေတယ်။ ဘယ်နားထားလိုက်မိလဲမသိဘူး။ ငါ့ အဖေကတော့ ဆူတော့မှာပဲ။
ဟု ညည်းညူသံဖြင့် ကျွန်တော့ကို လှမ်းပြောလိုက်သည်။ ကျွန်တော်က
သေချာပြန်စဉ်းစားကြည့်ပါအုံး။ အထားမှား အမှတ်မှား ဖြစ်တာနေမှာပေါ့။
လို့ ပြန်ပြောလိုက်မိသည်။ ကျွန်တော့် စကားသံဆုံးနှင့်တပြိုင်နက် တံခါးဝဆီမှ ဘဲလ် တီးသံကို ကြားလိုက်၇သည်။ တရုတ်ကြီးက
တံခါးဖွင့်ပေးပါအုံးကွာ။ ငါ ဒီမှာ အလုပ်ရှုပ်နေလို့
ဟု ဆိုသဖြင့် ကျွန်တော် တရုတ်ကြီးကို ဘာမှ ပြန်မပြောတော့ ပဲ တံခါးသွားဖွင့်လိုက်သည်။ ကျွန်တော် တံခါးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် တံခါးဝ၌ရပ်နေသော မိန်ခလေးတစ်ဦးကို တွေ့လိုက်ရပါသည်။ သူမ ရဲ့ အသားရည်က မဖြူမညိုသော အနေထားတွင် ရှိနေသည်။ သူမ ဧ။် အ၇ပ်သည် မနိမ့်မမြင့်သော အနေထားတွင် ရှိသည်။ သူမရဲ့ ဆံပင်တွေက ပခုံး ထက်၌ ပျော့ခွေ ကျနေသည်။ ထူခြားသည်က သူမရဲ့ ပါးပြင်ထက်မှာ သနပ်ခါးပါးကွက်ပါးပါးလေးကို သပ်ရပ်စွာ လိမ်းခြယ်သထားသည်။ တဒင်္ဂလေးအတွင်းမှာပင် သူမရဲ့ သနပ်ခါး ရနံ့ရဲ့ ခေါ်ဆောင်မှုနဲ့အတူ ကျွန်တော် မျက်ဝန်းအစုံသည် သူမ ရဲ့ မျက၀န်းအစုံနဲ့ အကြည့်ခြင်း ဆုံမိသွားကြသည်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် မင်သက်စွာဖြင့် ပြိုင်တူကြည့်နေကြမိသည်။ ထို အချိန်သည် မည်မျှကြာသွားသည်ကို ကျွန်တော်မသိလိုက်ပါ။ နောက်ကျောဆီမှ တရုတ်ကြီး ရဲ့
ဘယ်သူလဲ သူငယ်ချင်း၊
ဆိုတဲ့ အသံဝင်လာကာမှ ကျွန်တော် သတိပြန်ဝင်လာမိသည်။ တရုတ်ကြီးက ပြောပြောဆိုဆို တံခါးဝဆီသို့ ရောက်လာခဲ့ပြီး
အော် .. ဘယ်သူများလဲလို့။ လာလေ၊ ဟိုမှာ ၀ိုင်းစနေပြီ
လို့ ပြောလိုက်တော့ သူမက တရုတ်ကြီးကို အသာယာ ပြုံးပြလိုက်ပြီး သီချင်းတိုက်တဲ့ အခန်းဆီသို့ လှမ်းလျှောက်သွားပါတော့သည်။ ကျွန်တော် သူမ ရဲ့ နောက်ကျောကို ငေးကြည့်နေရင်း ထို တံခါးဝ၌ပင် ဆက်ရပ်နေမိပါသည်။ တရုတ်ကြီးခမျှာ မှာတော့ ကျွန်တော့်ကို တလှည့် ၊ သူမကို တလှည့် ကြည့်ကာ ပြုံးစိစိ လုပ်နေပါတော့သည်။



( ဆက်လက်ဖော်ပြပေးပါမည်။ )




Rocker77

No comments:

Post a Comment